စစ်အာဏာရှင်လက်ထက် အတုအယောင် အလုပ်သမားသမဂ္ဂများ ခေါင်းထောင်လာ (ရုပ်သံ)
general||5 MIN READ

စစ်အာဏာရှင်လက်ထက် အတုအယောင် အလုပ်သမားသမဂ္ဂများ ခေါင်းထောင်လာ (ရုပ်သံ)

DVB
SourceDVB
Back to News

AI Summary

စစ်အာဏာရှင်သည် အလုပ်သမားသမဂ္ဂများကို နှိမ်နင်းသည့်ပုံစံပြောင်းကာ ၎င်းတို့၏ ကြိုးကိုင်မှုအောက်ရှိ အတုအယောင်သမဂ္ဂများ (Yellow Unions) ကို ဖော်ထုတ်လာနေကြောင်း အလုပ်သမားရေး တက်ကြွလှုပ်ရှားသူများက ပြောကြားသည်။ ယခင်စစ်အာဏာရှင်များက သမဂ္ဂများကို ဖိနှိပ်ခဲ့သော်လည်း လက်ရှိစစ်အုပ်စုကမူ ILO ၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် ပြဋ္ဌာန်းချက်များကို လိုက်နာဟန်ဆောင်ကာ အတုအယောင်သမဂ္ဂများကို သုံးပွင့်ဆိုင်ယန္တရားထဲ ဆွဲသွင်းနေခြင်းဖြစ်သည်။ ဤအတုအယောင်သမဂ္ဂများတွင် အလုပ်သမားသမဂ္ဂမှ နုတ်ထွက်သူများ၊ ပြစ်မှုကြောင့် ထုတ်ပယ်ခံရသူများ ပါဝင်နေပြီး၊ ၎င်းတို့သည် စစ်ကောင်စီအလိုကျ လွတ်လပ်စွာ လှုပ်ရှားခွင့်ရနေသည်။ တစ်ဖက်တွင်မူ အစစ်အမှန် အလုပ်သမားသမဂ္ဂများမှာ ခြိမ်းခြောက်ခံနေရပြီး လွတ်လပ်စွာ မရှင်သန်နိုင်တော့မည်ကို စိုးရိမ်မှုများရှိနေသည်။ ဤသို့ဖြင့် အလုပ်သမားထု၏ အခွင့်အရေး တောင်းဆိုမှုများနှင့် ဖြေရှင်းမှုများတွင် ရလဒ်မထွက်ဘဲ အဟန့်အတားများ ဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘာ့အလုပ်သမားအခွင့်အရေး အချိုးဖောက်ခံရမှု အများဆုံး ၁၀ နိုင်ငံစာရင်းတွင် နှစ်စဉ်မပြတ် ပါဝင်နေဆဲဖြစ်သည်။

Photo: DVB

စစ်အာဏာရှင်ဟာ အလုပ်သမားသမဂ္ဂကို နှိမ်နင်းတဲ့ပုံစံက မူပြောင်းလာပြီး ကြိုးကိုင်ခံထားရတဲ့ အတုအယောင်သမဂ္ဂ‌‌တွေ (Yellow Unions) ဖော်ထုတ်လာနေတယ်လို့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အာဏာရှင်အဆက်ဆက် သမဂ္ဂတွေကို ဖိနှိပ်နှိမ်နင်းခဲ့ကြသလို အလုပ်သမားသမဂ္ဂ ဆိုတဲ့ အသုံးအနှုန်းကို ပိတ်ပင်တာတွေ လုပ်ဆောင်ခဲ့ကြပြီး လက်ရှိ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက‌တော့ ပုံစံတမျိုး‌ပြောင်းကာ အတုအယောင်သမဂ္ဂ‌‌ (Yellow Unions) တွေ ဖော်ထုတ်လာကြတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကလည်း စစ်အုပ်စုက ကြိုးကိုင်ခံထားရတဲ့ အတုအယောင်သမဂ္ဂ‌‌ (Yellow Unions) တွေကို ဖော်‌ဆောင်လာတာ ခပ်စိပ်စိပ် မြင်တွေ့လာရပြီး လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ကြိုးကိုယ်ခြယ်လှယ်ခံရမှုကင်းတဲ့ သမဂ္ဂ‌‌‌တွေ မရှင်သန်နိုင်တော့မှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။

ILO အဖွဲ့ဝင် မြန်မာနိုင်ငံဟာ ILO ရဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ ကို လိုက်နာပြီး အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား သုံးပွင့်ဆိုင်ယန္တရား ပူးပေါင်းဆောင်ရွက်မှု‌‌တွေ လုပ်နေပါတယ်ဆိုပြီး စစ်အုပ်စုက အတုအယောင်သမဂ္ဂ (Yellow Unions) တွေကို ဒီယန္တရားထဲ ဆွဲထည့်လာတာလို့လည်း ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

စစ်အာဏာရှင် ဖော်ဆောင်တဲ့ တိုင်ကြားရေးယန္တရားရဲ့ မြေပြင်အခြေအနေကို ဒေါ်ဖြိုးစန္ဒာစိုးက “စစ်တပ်က ILO ကို ဘယ်လိုတင်လာလဲ ဆိုလို့ရှိရင် ဒါ နိုင်ငံမှာ တိုင်ကြားရေးယန္တရား ဖော်ဆောင်ပြီးပါပြီ ဆိုပြီး တင်လာတယ်။ အဲဒီတော့ ကျမတို့က ပြန်စဉ်းစားရမှာက ကျမတို့က ဒီမှာ ILO မှာ ပြောနေတာက လွတ်လပ်တဲ့ အမှီအခိုကင်းတဲ့ တိုင်ကြားရေးယန္တရား ပေါ်ဖို့လိုတယ်။ ဒါမှ ဒီ နစ်နာတဲ့သူတွေ၊ ကျူးလွန်ခံရတဲ့သူတွေက သူတို့ ဘေးကင်းလုံခြုံစွာနဲ့ တိုင်ရဲမှာ။ အခုက အဲဒီလိုမဟုတ်ဘဲနဲ့ ကျူးလွန်တဲ့သူတွေကို သွားပြီးတော့ သွားတိုင်ရမယ်ဆိုရင် အဲဒီ တိုင်ကြားတဲ့သူတွေရဲ့ ဘဝကို တွေးကြည့်လို့ ရတယ်နော်။ ဘယ်လောက်ထိ အကာအကွယ်မဲ့သလဲ ဆိုတဲ့ဟာ” လို့ ပြောပါတယ်။

အဆိုပါ အတုအ‌‌ယောင်သမဂ္ဂ (Yellow Unions) တွေထဲမှာ အလုပ်သမားသမဂ္ဂကနေ နုတ်ထွက်ပြီး အလုပ်ရှင်ဘက်ကို ကူးပြောင်းသွားသူတွေ၊ ပြစ်မှုပြစ်ချက်ရှိလို့ အလုပ်သမားသမဂ္ဂက ထုတ်ပယ်ခံထားရသူတွေ ပါဝင်‌‌နေတယ်လို့ သိရပါတယ်။

အလုပ်သမားထုအတွက် အခွင့်အရေးတွေ ‌‌တောင်းဆို‌ပေး‌‌နေတဲ့ အစစ်အမှန် အလုပ်သမားသမဂ္ဂတွေက‌တော့ ခြိမ်းခြောက်ခံရတာမျိုး‌တွေ ရှိ‌‌ပေမဲ့ စစ်အုပ်စုအလိုကျ သမဂ္ဂတွေကတော့ အလုပ်သမားရေးတွေ လွတ်လွတ်လပ်လပ် လုပ်ဆောင်‌ခွင့်ရနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ MICS အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။

“အမှန်တကယ်ကို ဒီ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားတွေအတွက်ကို တောင်းဆိုနေတဲ့ ခေါင်းဆောင်တွေ၊ ကျနော်တို့ အလုပ်လုပ်ပြီ ဆိုရင်ကျတော့ ဒါ ပျူစောထီးတွေက နှောင့်ယှက်တာတွေ ရှိတယ်။ နောက် ကျနော်တို့ တချို့စက်ရုံတွေ ဆိုလို့ရှိရင် စစ်တပ်ခေါ်ပြီးတော့ ဖမ်းခိုင်းလိုက်ရမလား ဆိုတဲ့ ဒါ ခြိမ်းခြောက်မှုတွေ အများကြီး လုပ်တာတွေကို တွေ့ရတယ်။ ဒါပေမဲ့ တဖက်မှာကျတော့လည်း စစ်ကောင်စီနဲ့ အဆင်ပြေနေတဲ့ သမဂ္ဂတွေကျတော့လည်း သပိတ်‌‌တွေ တဂျိမ်းဂျိမ်း မှောက်ကြ၊ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေ လုပ်ကြဆိုတော့ မြန်မာပြည်ရဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ အခြေအနေလို့ ပြောရမယ် ဆိုရင်တော့ စစ်တပ်နဲ့ အဆင်ပြေပြီးတော့မှ စစ်တပ်အလိုကျ ဆောင်ရွက်နေတဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့မှ ထင်ရှားလာကိုတော့ ကျနော်တို့ တွေ့ရတယ်ပေါ့လေ။”

ဒီလိုဖြစ်ရပ်တွေကြောင့် အလုပ်သမားထုရဲ့ အခွင့်အရေးကို တောင်းဆိုရာမှာ၊ ဖြေရှင်းရာမှာ ရလဒ်မထွက်ဘဲ အဟန့်အတားတွေ ဖြစ်လာတယ်လို့လည်း ကိုသက်နှင်းအောင်က ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အများဆုံးနဲ့ အဆိုးရွားဆုံးနိုင်ငံများ စာရင်းမှာ ဆက်လက်ပါဝင်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) က ပြီးခဲ့တဲ့ ဇွန် ၁ ရက်‌မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး ကမ္ဘာ့အလုပ်သမားအခွင့်အရေး အချိုးဖောက်ခံရမှု အများဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ နှစ်စဉ်မပြတ် ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
စစ်အာဏာရှင်လက်ထက် အတုအယောင် အလုပ်သမားသမဂ္ဂများ ခေါင်းထောင်လာ (ရုပ်သံ) | YGN Daily