နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၃ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM
politics||9 MIN READ

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၃ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM

AI Summary

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ပဲခူး၊ တနင်္သာရီနှင့် မန္တလေးတိုင်းတို့တွင် စစ်ကောင်စီဘက်မှ အကျအဆုံးများရှိခဲ့သည်။ စစ်ကိုင်းတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများနှင့် ပညာပေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး၊ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ တော်လှန်ရေးအင်အားစုထံ အလင်းဝင်ခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကာ၊ ထိုင်း-မြန်မာနယ်စပ်၌ ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမား ၃ ဦး သေဆုံးခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်က မိခင်လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကလည်း လုပ်ငန်းများ အသိပေးရန် ဖေ့စ်ဘွတ်ခ်စာမျက်နှာဖွင့်လှစ်ခဲ့သည်။ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတကာအား စစ်အုပ်စုအပေါ် ဖိအားပေးရန် တိုက်တွန်းခဲ့သလို၊ ဂျပန်ကုမ္ပဏီများအား MPT နှင့် ပူးပေါင်းမှု ရပ်ဆိုင်းရန် အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းခဲ့သည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ခရီးစဉ်ပြီးဆုံး၍ ပြန်လည်ထွက်ခွာခဲ့ပြီး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။

အမျိုးသားညီညွတ်ရေး အစိုးရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ပဲခူးအနောက်ရိုးမ ဗျူဟာ ၂၂ က ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကိုင်းဒေသ၊ ဝက်လက်မြို့နယ်၊ ဝက်လက်မြို့ရှိ ရှိမ္မကား-မြင်တော်လမ်းပေါ်တွင် “မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်” စာသားပါ ဘန်နာကို ချိတ်ဆွဲကာ ဝက်လက်မြို့ လူထုသပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှု (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အင်အား ၂၀၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ အရာရှိ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်-ပကဖ က ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ လုပ်ငန်းဆောင်ရွက် မှုများကို ပြည်သူလူထုထံ စဉ်ဆက်မပြတ် အသိပေးတင်ပြနိုင်ရန်နှင့် သတင်းအချက်အလက်များ ထုတ်ပြန်ပေးနိုင်ရန်အတွက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုကို သတင်းထုတ်ပြန်ရေးပလက်ဖောင်းအဖြစ် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံထားရသူအား လုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်လာရေးအတွက် အကြမ်းဖက်စစ်အုပ်စုအပေါ် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန် ဖိအားပေးရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အပါအဝင် ပြည်သူ့တော်လှန်ရေးအင်အားစုများကို ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတကာအစိုးရများနှင့် ဒီမိုကရေစီအင်အားစုအားလုံးသို့ အရေးပေါ် ဆုံးဖြတ် တိုက်တွန်းလသည်။

အနာဂတ်မြန်မာနိုင်ငံတွင် စစ်တပ်က စိတ်ကြိုက်ခြယ်လှယ်အုပ်ချုပ်ခွင့် ရရှိနိုင်တော့မည်မဟုတ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ အလှည့် ကျသဘာပတိ ခူဦးရယ်က ပြောကြားလိုက်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု က ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ်အစည်း အဝေးသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာပေးပို့ထားသည်။

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ ဝင် ၁၀ ဦးထက်မနည်းသေဆုံး ကြောင်း People Liberation Army (PLA) အဖွဲ့ ထံ မှသိရသည်

KDDI Corporation နှင့် Sumitomo Corporation တို့အား အရပ်သားများအပေါ် ဒစ်ဂျစ်တယ် နည်းပညာဖြင့် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းတို့တွင် ပါဝင်ပတ်သက် နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းလုပ်ကိုင်နေသော ဂျပန်ကုမ္ပဏီနှစ်ခုကို ပူးပေါင်းမှု ရပ်ဆိုင်းရန် Justice For Myanmar၊ Mekong Watch နှင့် ဂျပန်အရပ်ဘက်အဖွဲ့အစည်း ငါးခုတို့က ဇွန်လ ၂ ရက်နေ့တွင် တိုက်တွန်းလိုက်ကြသည်။

ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲပြင်းထန်နေပြီး ဇွန်လ၂ ရက် ညနေပိုင်း၌ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းသို့ ဗုံးတပ်ဆင်ထားသည့် ဒရုန်းတစင်း ကျရောက်ပေါက်ကွဲခဲ့ရာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဦး သေဆုံးကာ၂ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့ရှိ သပိတ်အဖွဲ့များနှင့် ဒေသခံတော်လှန်ရေး ပြည်သူများက စစ်ကျွန်ပညာရေးဆန့်ကျင်ရေးနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုများကို ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးဒေသ၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ လင်းဇင်းတိုက်နယ်ရဲစခန်းမှ မကွေးတိုင်း အထူးကွန်မန်ဒို ရဲတပ်သား ကိုစိုးလွင်လွင်သည် လက်နက်ခဲယမ်းများနှင့်အတူ တော်လှန်ရေးအင်အား စုထံ အလင်းဝင်ရောက်လာခဲ့ကြောင်း ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကိုကင်မ်အဲရစ်သည် ဩစတြေးလျနိုင်ငံသို့ ရောက်ရှိနေပြီး၊ မိခင်ဖြစ်သူ ဘယ်မှာရှိသလဲဆိုသည့် ရိုးရှင်းလှသည့် မေးခွန်းတစ်ခုကို အတူတူ မေးမြန်းရန်နှင့် အသက်ရှင်နေကြောင်း သက်သေပြရန်အတွက် လှုပ်ရှားမှုများကို ဆက်တိုက်ပြုလုပ် မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်းက ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်အမျိုးသားအစည်းအရုံး (KNU) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃) နယ်မြေ၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်) အတွင်း အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ် မှုကြောင့် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ

အိန္ဒိယနိုင်ငံသို့ သွားရောက်နေသည့် အာဏာသိမ်းအရပ်သားတပိုင်း စစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ၂ ရက်က မွန်ဘိုင်း ဂျဝါဟာလာနေရူးဆိပ်ကမ်း (Jawaharlal Nehru Port) သို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများကိုလည်း နိုင်ငံတကာအဆင့်မီဖြစ်ရန် မြှင့်တင်သွားမည်ဟု ပြောဆိုသည်။

ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်နိုင်သည့်အပြင် လူသေဆုံးမှုဖြစ်ပေါ်ပါက သေဒဏ်အထိ ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ (ဇွန် ၃ ရက်) တွင် ကျင်းပသည့် အတုယောင်အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သည်။

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် အာဏာသိမ်းအရပ်သားတပိုင်းစစ်အစိုးရ အဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက မွမ်ဘိုင်းမြို့ရှိ Gateway of India သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

အာဏာသိမ်းအရပ်သားတပိုင်း စစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်း​အောင်လှိုင် ဦး​ဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ ချစ်ကြည်​ရေးခရီးစဥ်ပြီးဆုံး၍ ယ​နေ့(ဇွန် ၃ ရက်) ဒေသစံ​တော်ချိန် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာ​ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် အာဏာသိမ်းအရပ်သားတပိုင်း စစ်အစိုးရအဖွဲ့ ခေါင်းဆောင် မင်းအောင်လှိုင်သည် မဟာရာ့ရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူး ရှရီ ဂျစ်ရှနု ဒေ့ဗ်တို့ကို ဇွန်လ ၂ ရက်နေ့ ညပိုင်း၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ (၂)ရက်က ကျင်းပခဲ့ပြီး သစ်လွင်သူနာပြု ၁၄၅၂ ဦးအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်​​ပေးအပ်သည့် ခန့်အပ်လွှာ​ပေးအပ်ကြောင်း သိရသည်။

စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် (၂၉)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့တက်ရောက်ရန် အရပ်သားတပိုင်းစစ်အစိုးရ ဒုတိယသမ္မတဆိုသူ ညိုစော ရုရှားနိုင်ငံသို့ သွား​ရောက်ကြောင်း စစ်အုပ်စု သတင်းများတွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် တစ်လငွေကျပ်နှစ်သောင်း နှုန်းဖြင့် ထောက်ပံ့ငွေကျပ် သန်းကိုးထောင်းကျော်အား ပေးအပ်ခဲ့ကြောင်း အတုယောင် မန္တလေးတိုင်း လွှတ်တော်တွင် လူမှုရေး၀န်ကြီးဌာန၊ ၀န်ကြီး၏ ဖြေကြားချက်အရသိရသည်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စားသုံးဆီတင်သွင်းသည့်လုပ်ငန်းများနှင့် CMP လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၁၇ သန်းကျော်ကို ဇွန်လ ၂ ရက်နေ့တွင် ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန် သည်။

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်းအရပ်သားတပိုင်း စစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက မွမ်ဘိုင်းမြို့ရှိ The Taj Mahal Palace Mumbai ဟိုတယ်တွင် ကျင်းပသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့ တက်ရောက် ကာ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

AI Curated
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၃ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM | YGN Daily