
AI Summary
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကြားမှ ယူနီဖောင်းဝတ်ဆင်ထားသူများက လက်နက်ကိုင်ဆောင်ကာ နေအိမ်များသို့ ဝင်ရောက်ဓားပြတိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။ အဆိုပါဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် သံသယများ ဖြစ်ပေါ်နေသည်။ ယခင်အစိုးရလက်ထက်ကထက် ပိုမိုဆိုးရွားလာသည့် ဤဓားပြတိုက်မှုများကြောင့် ပြည်သူများမှာ ဓားစာခံသဖွယ် ဖြစ်နေရသည်။ လက်ရှိတွင် စစ်တွေမြို့၌ လုံခြုံရေးတင်းကျပ်ထားသော်လည်း ညအချိန် ဓားပြတိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းမှာ မြို့၏လုံခြုံရေး အခြေအနေကို စိုးရိမ်ဖွယ်ရာ ဖြစ်စေသည်။
ထင်ရှားသော ပြောကြားချက်များ
"အရင် ခိုးမှု လုယက်မှုလောက်ဘဲ ရှိတာ။ ဒီဝန်ကြီးချုပ် ပြည်နယ်အစိုးရသစ်လက်ထက်မှာ ဓားပြမှုတောင် ဖြစ်လာတယ်။"
"ဒီလုပ်ရပ်ကဒီမြို့ကလုံခြုံရေးအနေအထားကိုဖော်ပြနေတာပါဘဲ။လူထုက မလုံခြုံတော့ဘူး။"
"အုပ်ချုပ်တဲ့သူတွေမှာ ဒေသခံတွေကိုကာကွယ်ဖို့တာဝန်ရှိတယ်။ အခုကသူတို့ ကိုယ်တိုင်လုပ်နေတာဆိုတော့ ပြည်သူတွေက ဓားစာခံပေ့ါ"
နိရဉ္စရာ၊ ဇွန် ၁၄/ ၂၀၂၆
အာဏာသိမ်းစစ်တပ်ခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးနိုင်ဦးလက်ထက်တွင် ယူနီဖောင်း ဝတ်ထားသူများက လက်နက်များကိုင်ဆောင်ကာ စစ်တွေမြို့ပေါ် အထိဓားပြတိုက်မှုများကျူးလွန်လာကြောင်းစစ်တွေ ဒေသခံများက ပြောကြားသည်။
“ ဇွန် ၁၁ရက်နေ့ကစစ်တွေ မြို့ပေါ် က နေအိမ်တချို့ ဓားပြတိုက်ခံနေပါတယ်။ဓားပြတိုက်ခံရတဲ့ နေအိမ်ကတော့စစ်တွေမြို့၊ ကျောင်းတက်လမ်း ရပ်ကွက်၊ ပြည်တော်ပြန်ဘုန်းကြီးကျောင်း အနီးကဒေါ်မဘုရဲ့နေအိမ်ဖြစ်ပါတယ်”ဟု စစ်တွေဒေသခံ တစ်ဦးက နိရဉ္စရာကို ပြောသည်။
၎င်းဓားပြတိုက်မှုကို ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် ညအချိန်တွင် ယူနီဖောင်းဝတ်ထားသူ တစ်စုက မျက်နှာဖုံးစွပ်ကာ ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ ည ၁၁ နာရီအချိန် လောက်မှာ ယူနီဖောင်းဝတ်စုံဝတ်ထားတဲ့ မျက်နှာဖုံးစွပ်ထားတဲ့ လူတချို့ကတိုက်တာပါ။ အသက် ၆၀ ကျော်အရွယ် ဒေါ်မဘုနေအိမ်ကို ဝင်ရောက်ပြီး လက်နက်တွေနဲ့ခြိမ်းခြောက်ဓားပြတိုက်သွားခဲ့တာပါ။ ရွှေတစ်ကျပ်သားနဲ့ငွေကြေးတချို့ပါသွားတယ်” ဟု ၎င်းက ပြောသည်။
ညမထွက်ရအချိန် ဓားပြဝင်တိုက်မှု ဖြစ်စဉ်ကြောင့် လူတိုင်းစိုးရိမ်ထိတ်လန့်နေကြောင်း ကျောင်းတက် လမ်းရပ်ကွက်က အမျိုးသမီးတစ်ဦးက ပြောကြားသည်။
" အရင် ခိုးမှု လုယက်မှုလောက်ဘဲ ရှိတာ။ ဒီဝန်ကြီးချုပ် ပြည်နယ်အစိုးရသစ်လက်ထက်မှာ ဓားပြမှုတောင် ဖြစ်လာတယ်။ ညဖက် ၁၁နာရီလောက်မှာဝင်တိုက်တာ လူအိပ်ချိန်ပေါ့။ လက်နက်နဲ့ခြိမ်းခြောက်တော့မအော်ရဲဘူး။ ပုံစံကမျက်နှာဖုံးစွပ်ထားတယ်။ စစ်သားဝတ်စုံနဲ့။ ရွှေတွေပိုက်ဆံတွေပါသွားတယ်။ လူ့အသက်မပါသွားတာကံကောင်းတယ်။ တော်တော်ကြောက်စရာကောင်းတယ်" လို့ ပြောပါတယ်။
အလားတူ ဇွန်လ ၉ ရက်နေ့ ည နေ၁၀ နာရီခွဲအချိန် မှာလည်းမင်းဂံရပ်ကွက် က နေအိမ်တလုံးကို လူတစ်စုကလက်နက်များကိုင်ဆောင်ကာ အိမ်ရှင်ကို ထိုးကြိတ်ကာ ငွေများကိုဓားပြတိုက်သွားခဲ့သည်ဟုသိရသည်။
စစ်တွေမြို့ထဲတွင်လုံခြုံရေး တင်းကျပ်ထားပြီး စစ်တပ်နှင့်ရဲများ ပုံမှန်ကင်းလှည့်နေသည့်ကြားက ညအချိန်ဓားပြဝင်တိုက်မှုနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အများက သံသယ ဖြစ်နေကြသည်ဟု မြ ရပ်မိရပ်ဖမြို့ခံအမျိုးသားတစ်ယောက်က ပြောသည်။
" သူတို့အုပ်ချုပ်ထားပြီး ဒီလောက်လုံခြုံရေးတင်းကျပ်ထားတဲ့ ကြားထဲက လက်နက်တွေနဲ့ခြိမ်းခြောက် ဓားပြတိုက်တဲ့အဆင့်ဆိုရင်ဘယ်သူဖြစ်နိုင်မလဲ။ဒီလုပ်ရပ်ကဒီမြို့ကလုံခြုံရေးအနေအထားကိုဖော်ပြနေတာပါဘဲ။လူထုက မလုံခြုံတော့ဘူး။ ပြည်သူတွေက တိုက်ပွဲဖြစ်မှာလည်း ကြောက်ရ၊ လက်နက်ကြီးကျည်ကျမှာစိုးရိမ်ရနဲ့ရင်တထိတ်ထိတ်နဲ့နေရတာ။ ဒီလို အခြေအနေမှာ လက်နက်တွေကိုင်ဆောင်ပြီး ဓားပြတိုက်တယ်ဆိုတော့ အခြေအနေပိုဆိုးလားဖို့ဘဲရှိတယ်။ အုပ်ချုပ်တဲ့သူတွေမှာ ဒေသခံတွေကိုကာကွယ်ဖို့တာဝန်ရှိတယ်။ အခုကသူတို့ ကိုယ်တိုင်လုပ်နေတာဆိုတော့ ပြည်သူတွေက ဓားစာခံပေ့ါ" ဟုပြောသည်။
ယခင် ရခိုင် ဝန်ကြီးချုပ်ဟောင်း ဦးထိန်လင်းလက်တွင် ခိုးမှု၊ လုယက်မှု၊ စစ်ဘေးရှောင် လူမနေသည့် နေအိမ်များကို ဖြိုဖျက်ပြီး ရောင်းချမှု၊ ထင်းအဖြစ်ထုတ်လုပ်ကာ အရောင်းအဝယ်လုပ်မှုစသည့် ဒုစရိုက် လုပ်ငန်းများ ကြီးထွားခဲ့သော်လည်း ယခုလို ယူနီဖောင်းဝတ်၊ လက်နက်ကိုင်ကာ အိမ်ထဲအထိဝင်ရောက်ပြီး ဓားပြတိုက်မှုများ မရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။