
ရမ်းဗြဲတွင် စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး ၂ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ
AI Summary
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို ဇွန်လ ၁ ရက်နေ့ ညနေပိုင်းတွင် စစ်အာဏာရှင်လေတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နှစ်ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ သေဆုံးသူများသည် သက်ကြီးပိုင်း အမျိုးသားများဖြစ်ပြီး ဒဏ်ရာရရှိသူများတွင် အမျိုးသမီးများနှင့် သက်ကြီးပိုင်းများ ပါဝင်ကြောင်း သိရသည်။ မေလ ၂၈ ရက်နေ့ကလည်း ပိန္နဲတောင်ကျေးရွာအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အလုပ်သမားသုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်။ စစ်အာဏာရှင်တပ်သည် ရခိုင်ပြည်နယ်အတွင်း မြို့ရွာများကို ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်နေကြသည်။ ဤသို့ဆက်တိုက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်တွင် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်တိုက်မြင့်တက်လာနေကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်အာဏာရှင် လေတပ် က ဇွန် ၁ ရက် ညနေမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၂ ယောက် သေဆုံး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရမ်းဗြဲမြို့နယ် ပိန္နဲတောင်ကျေးရွာအနီးရှိ ကြောင်ချတွင်း စစ်ရှောင်စခန်းကို ဇွန် ၁ ရက် ည ၉ နာရီ ဝန်းကျင်မှာ စစ်အာဏာရှင်လေတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၂ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြတယ်လို့ ရမ်းဗြဲဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“ပိန္နဲတောင်ရွာအနီးက စစ်ဘေးရှောင်စခန်းကို ဗုံးကြဲခဲ့တာ။ အဲဒီမှာက ကျောက်ဖြူဘက်က စစ်ဘေးရှောင်တွေ အဓိကနေထိုင်ကြတာ။ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံး ကြဲချခဲ့တာ။ သေတာက ၂ ဦး ရှိတယ်။ နောက်ထပ်လည်း ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တာရှိတယ်။”
သေဆုံးခဲ့သူတွေဟာ သက်ကြီးပိုင်း အမျိုးသား စစ်ဘေးရှောင်တွေ ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သူတွေမှာလည်း အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
ပိန္နဲတောင်ကျေးရွာအနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကိုလည်း မေ ၂၈ ရက် မနက်ပိုင်းက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆောက်လုပ်ရေးအလုပ်သမား ၃ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
လက်ရှိ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ ရမ်းဗြဲ-ကျောက်ဖြူ လမ်းပိုင်းမှာ တည်ရှိပြီး စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာကြောင့် ဒေသခံ တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဇွန် ၁ ရက် မနက်ပိုင်းကလည်း တောင်ကုတ်မြို့နယ်က ကင်းတောင်နဲ့ ဆားပြင်ကျေးရွာအနီးက တောင်တန်းတွေကို စစ်အာဏာရှင်တပ်က လေကြောင်းက လေယာဉ် ၆ စီးနဲ့ ဗုံးကြဲ တိုက်ခိုက် ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်က ရခိုင်ပြည်က မြို့၊ ရွာတွေကို ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာကြောင့် ရခိုင်ပြည်နယ်မှာ အရပ်သား ထိခိုက်သေဆုံးမှုဟာ ဆက်တိုက် မြင့်တက် လာနေပါတယ်။