
လုံးခင်းနှင့် မှော်စီစာတဝိုက်တွင် စစ်တပ်က ပြည်သူများထံမှ ပစ္စည်းဥစ္စာများ လုယူနေ
AI Summary
ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ လုံးခင်းနှင့် မှော်စီစာကျေးရွာဝန်းကျင်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို စစ်ဆေးမေးမြန်းခြင်း၊ ပစ္စည်းဥစ္စာများ လုယက်ခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်းနှင့် ဖမ်းဆီးခြင်းများ မကြာခဏ ပြုလုပ်နေပါသည်။ ၎င်းတို့သည် ဧပြီလဆန်းပိုင်းကတည်းက ဖားကန့်ဒေသအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေခြင်းကြောင့်ဖြစ်သည်။ ဤလုပ်ရပ်များကြောင့် ဖားကန့်ဒေသခံပြည်သူများ၊ အထူးသဖြင့် လူငယ်များနှင့် လမ်းသွားလမ်းလာများ ထိခိုက်နစ်နာနေကြရသည်။ နေအိမ်များ၊ ငွေကြေး၊ ဖုန်း၊ ရွှေငွေနှင့် အခြားပစ္စည်းများ လုယက်ခံရခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းတို့အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများလည်း ကြုံတွေ့နေရသည်။ ပြီးခဲ့သည့်တစ်နှစ်အတွင်း အရပ်သား ၁၄၀ ကျော် သေဆုံးခဲ့ပြီး အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃၀၀ ကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း များပြားခဲ့သည်။ လက်ရှိတွင်လည်း လုံးခင်းနှင့် မှော်စီစာဝန်းကျင်၌ စစ်ဆေးမေးမြန်းခြင်းနှင့် ပစ္စည်းလုယက်မှုများ နေ့စဉ်နီးပါး ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံများသည် နေ့စဉ်ရှင်သန်ရေးအတွက် ပိုမိုခက်ခဲလာကြောင်း သိရသည်။

စစ်ကော်မရှင်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေက လုံးခင်းနဲ့ မှော်စီစာတဝိုက်မှာ ပြည်သူတွေကို စစ်ဆေးမေးမြန်တာ၊ ပစ္စည်းဥစ္စာတွေ လုယူတာတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ဒေသခံတွေကို လက်နက်ပြ ခြိမ်းခြောက်ပစ္စည်းလုယက်တာတွေ မကြာခဏဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “အခုရက်ပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံးခင်း၊ မှော်စီစာတဝိုက်မှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို ဓားပြတိုက်တယ်။ လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ဖုန်းတို့၊ ပိုက်ဆံတို့၊ ရွှေငွေ လက်ဝတ်လက်စားတွေ၊ ဆိုင်ကယ်၊ ကျောက်မျက်ရတနာတွေကို ပေါ်တင်ဓားပြတိုက်တာပေါ့။ သေနတ်ထောက်ပြီးတော့ စစ်ရာဇဝတ်မှုတွေ တောက်လျှောက် ကျူးလွန်နေတယ်။ ဒီအကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဖားကန့်မှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးတယ်။ လေယာဉ်နဲ့ပါ ဗုံးကြဲဖျက်ဆီးတာတွေ တောက်လျှောက်လုပ်ပြီးတော့ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်။ ဒီရက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖားကန့်လမ်းကြောတလျှောက်မှာ ပြည်သူတွေရဲ့ ဖုန်းတွေစစ်တယ်။ အဓိက လူငယ်တွေပေါ့။ ပြီးရင် မသင်္ကာတဲ့လူတွေကို ဖမ်းဆီးတာတွေ တောက်လျှောက်လုပ်တယ်။ ဖားကန့်ပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်နေတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၃ ရက် ည ၇ နာရီလောက်ကလည်း စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေက လုံးခင်းကျေးရွာ ရပ်ကွက် ၅ ရှိ နေအိမ်သုံးအိမ်ကို ဝင်ရောက်စစ်ဆေးပြီး ငွေသားကျပ် ၂၅ သိန်း၊ ဆိုင်ကယ်တစီးနဲ့ အိုင်ဖုန်း နှစ်လုံးတို့ကို လုယူဓားပြတိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့မေလဆန်းပိုင်းက စပြီး အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ကာ လုံးခင်းကျေးရွာ၊ ရပ်ကွက် (၅)၊ ဘုရားကျောင်းကုန်းနဲ့ ကျောက်ဝိုင်းသွားရာလမ်းမပေါ်မှာ ကား၊ ဆိုင်ကယ်နဲ့ သွားလာတဲ့ ပြည်သူတွေဆီက ဓားပြတိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၂၆ ရက်နေ့ မနက် ၂ နာရီခန့်ကလည်း မော်ရှန်ကျေးရွာရှိ နေအိမ်တခုကို သေနတ်ထောက်ပြီး ငွေကျပ်သိန်း ၈၀၀ ဓားပြတိုက်ခံခဲ့ရတာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း လုံးခင်းကျေးရွာအတွင်း ဖုန်းနဲ့ ငွေသား ဓားပြတိုက်မှု၊ နေအိမ်တခုကနေ ကျပ်သိန်း ၂၀၀ ကျော် ဓားပြမှုနဲ့ လယ်ပြင်ကျေးရွာမှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေး နှစ်ယောက်ကို အမျိုးသားနှစ်ယောက်က သေနတ်ထောက် ငွေညှစ်တာ စတာတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ဖားကန့်ဒေသထဲကို စစ်ကော်မရှင်တပ်တွေ ဝင်ရောက်လာတဲ့နောက်ပိုင်း အရပ်သားပြည်သူတွေ တိုက်ပွဲအတွင်း သေဆုံးမှု၊ လက်နက်ကြီး ရပ်သန်းပစ်ခတ်မှု၊ စစ်တပ်ရဲ့ လူသားဒိုင်း ပြုလုပ်ခံရပြီး ပစ်သတ်ခံရမှု၊ သွားလာရင်း ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပြီး တနှစ်အတွင်း ပြည်သူ ၁၄၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ကချင်ပြည်နယ် ဖားကန့်ကိုရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မင်းဇေသန့် ဝါရာဇွပ်ပြည်သူ့စစ်၊ ကချင်အထူးဒေသ ၁ ဇခုန်တိန့်ယိန်းပြည်သူ့စစ်၊ ရှမ်းနီပြည်သူ့စစ် SNA၊ လီဆူးပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တနှစ်ကျော်အတွင်းမှာ ဖားကန့်က ပြည်သူ ၁၄၀ ကျော်ကို နှိပ်စက်သတ်ဖြတ်ထားတယ်။ သူတို့ လက်နက်ကြီးနဲ့ ပစ်တယ်။ ဒရုန်းနဲ့ ပစ်တယ်။ လမ်းသွားလမ်းလာတွေကို ပစ်ခတ်တာကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာလည်း အယောက် ၄၀၀ နီးပါးရှိတယ်။ အကြမ်းဖက်စစ်တပ် အာဏာသိမ်းတဲ့ ၅ နှစ်အတွင်းမှာ ဖားကန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်သတ်လို့ ပြည်သူ ၃၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများကြီးရှိခဲ့တယ်။”
အခုရက်ပိုင်း နေ့တိုင်းနီးပါး စစ်ကော်မရှင်တပ်တွေ တပ်စွဲထားတဲ့ လုံးခင်းနဲ့ မှော်ဆီစာတဝိုက် ပြည်သူတွေကို စစ်ဆေးမေးမြန်တာ၊ ပစ္စည်းဥစ္စာတွေ လုယူတာတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတယ်လို ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသမှာ စစ်ရေးကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်နေရတဲ့အချိန် စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲတွေရဲ့ လုပ်ရပ်တွေကြောင့် ဖားကန့်ပြည်သူတွေဟာ နေ့စဉ် သွားလာရှင်သန်ဖို့ ပိုပြီးကျပ်တည်းမှုကို ကြုံတွေ့နေရတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ကားမိုင်း – နန့်ယားလမ်းကို အသုံးပြုပြီး ဖားကန့်ဒေသထဲကို စစ်ကြောင်းထိုးဝင်ရောက်လာကြတဲ့ စစ်ကြောင်းတွေ ဖြစ်ပြီး လုံးခင်း၊ မှော်ဆီစာ ကျေးရွာတွေမှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။
ဟန်န