
AI Summary
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်အာဏာရှင်တပ်၏ ဆေးဝါးသယ်ယူခွင့် ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် နာတာရှည်ရောဂါဝေဒနာရှင်များ ဆေးဝါးပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရပြီး အချို့မှာ အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နေသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်လာချိန်တွင် စစ်တပ်က ကုန်စည်နှင့် ဆေးဝါးသယ်ယူခွင့် လမ်းကြောင်းများကို ပိတ်ဆို့ခဲ့ခြင်းကြောင့်ဖြစ်သည်။ ယင်းကြောင့် ဒေသတွင်း ဆေးဝါးဈေးနှုန်းများ အဆမတန် မြင့်တက်လာကာ အခြေခံဆေးဝါးများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။ ရန်ကုန်မှ ဆေးဝါးတင်သွင်းခွင့်ကို တရားဝင်ပိတ်ပင်ထားပြီး တစ်ကိုယ်စာ ဆေးဝါးသယ်ယူရာတွင်ပင် ဆေးလက်မှတ်ပြသရသည်အထိ ကန့်သတ်ထားသည်။ လက်ရှိတွင် မြို့ပေါ်ရှိ အခမဲ့ဆေးပေးခန်းများနှင့် ဒေသန္တရဆေးခန်းများ ပိတ်ထားရကာ စစ်တွေဆေးရုံကြီးတွင်လည်း လိုအပ်သည့် ဆေးဝါးများ မထောက်ပံ့နိုင်တော့ပေ။ ဆီးချိုနှင့် သွေးတိုးဝေဒနာရှင်များ ဆေးပုံမှန်မသောက်ရ၍ နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရပြီး အချို့မှာ အသက်ဆုံးရှုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်၏ ပိတ်ဆို့မှုများကြောင့် ရခိုင်ဒေသခံများသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံလိုအပ်ချက်များအတွက် အသက်အန္တရာယ်ရှိသော အကျပ်အတည်းများကို နေ့စဉ် ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်အာဏာရှင်တပ်ရဲ့ ဆေးဝါးသယ်ယူခွင့် ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် နာတာရှည်ရောဂါဝေဒနာရှင်တွေဟာ ဆေးဝါးပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရပြီး တချို့မှာ အသက်သေဆုံးတာတွေ ဖြစ်နေပါတယ်။
လူတိုင်း ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ရရှိခံစားခွင့်ရှိတယ်ဆိုတာ အခြေခံလူ့အခွင့်အရေးဖြစ်ပြီး အဲဒီအခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၅ အပိုဒ်ခွဲ (၁) မှာ အတိအလင်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံက နေရာတော်တော်များများက ပြည်သူတွေကတော့ စစ်အာဏာရှင်တပ်ရဲ့ ဖြတ်လေးဖြတ် အစီအစဉ်တွေကြောင့် ဒီအခွင့်အရေးကို ရမနေပါဘူး။ အဲဒီထဲမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ပြည်သူတွေလည်း ပါဝင်ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကစလို့ စစ်တွေမြို့မှာ တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာပဲ စစ်တပ်က ကုန်စည်နဲ့ ဆေးဝါးသယ်ယူခွင့် လမ်းကြောင်းတွေကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ထားပါတယ်။ ဒါကြောင့် ဒေသတွင်း ဆေးဝါးဈေးနှုန်းတွေမှာ အဆမတန် မြင့်တက်လာသလို အခြေခံဆေးဝါး ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
အခုဆိုရင် အရင်က ကျပ် ၂,၀၀၀ ဝန်းကျင်သာရှိတဲ့ ဆီးချိုဆေးတကတ်ကို ကျပ် ၄,၅၀၀ အထိ၊ ကျပ် ၇၀၀ ဝန်းကျင်သာရှိတဲ့ သွေးတိုးဆေးကို ကျပ် ၂,၀၀၀ အထိ ပေးဝယ်နေရပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေးတမျိုးတည်းကိုပဲ ကျပ် ၅,၀၀၀ အထိ ပေါက်ဈေးရှိနေတာပါ။
ရန်ကုန်ကနေ တဆင့် သင်္ဘော၊ လေယာဉ်တွေနဲ့ ဆေးဝါးသယ်ယူခွင့်ကို စစ်အာဏာရှင်က တရားဝင် ပိတ်ပင်ထားတဲ့အပြင် တကိုယ်စာ ဆေးဝါးတွေကိုတောင် ဆေးလက်မှတ်ပြပြီး သယ်ဆောင်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ရန်ကုန်ကနေလည်း ဆေးတင်ခွင့်မရပါဘူး။ ဆေးဆိုတာနဲ့ သင်္ဘောနဲ့ရော လေယာဉ်မှာပါ တင်ခွင့်မရှိတာပါ။ တရားဝင်တင်ခွင့် မရှိပါဘူး။ တွေ့တာနဲ့ ချက်ချင်းသိမ်းသွားပါတယ်။ တကိုယ်စာဆေးလောက် သယ်သွားမယ်ဆိုရင်တောင် ဆေးလက်မှတ်တို့ ပြပြီး သယ်သွားရတာပါ။ ဒါတောင် မရတဲ့အခါတွေလည်း ရှိပါတယ်။ ကန့်သတ်ပစ္စည်းလို့ သယ်ခွင့်ကို မပေးတာပါ။ ခုလက်ရှိ စစ်တွေမှာဆိုရင် ပိုက်ဆံရှိလို့ ဆေးတဘူးဝယ်မယ်ဆိုရင်တောင် မရပါဘူး။ ဆေးတကတ်လောက်ပဲ ဝယ်ခွင့်ရှိတာပါ။ ဆေးတွေက အမြဲတမ်းပြတ်နေတော့ ဆိုင်ရှင်တွေကလည်း ခွဲတမ်းနဲ့ ရောင်းရတာပေါ့နော်၊ ဒါကလည်း အမြဲတမ်းဝယ်လို့ မရပါဘူး။”
စစ်တပ်ရဲ့ ကန့်သတ်ချက်တွေကြောင့် စစ်တွေမြို့တွင်း ဆေးဝါးပြတ်လပ်မှု၊ ဝယ်ယူရ ခက်ခဲမှုတွေအပြင် လက်ရှိမှာလည်း မြို့ပေါ်က အခမဲ့ဆေးပေးခန်းတွေ အကုန်ပိတ်ထားရသလို ဒေသန္တရ ဆေးခန်းတွေမှာလည်း ဆေးဝါးပြတ်လပ်တာ ၃ လနီးပါး ရှိလာနေပါပြီ။
စစ်တွေဆေးရုံကြီးမှာလည်း လိုအပ်တဲ့ဆေးဝါးတွေကို မထောက်ပံ့နိုင်တော့တာကြောင့် နာတာရှည် ရောဂါဝေဒနာရှင်တွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်တွေမြို့ခံ ဆီးချိုဝေဒနာရှင်တယောက်က “ဆီးချိုဆေးဆိုလည်း ပြတ်နေတာ နှစ်ချီရှိနေပါပြီ။ အန်တီဆိုရင် သမီးလေး စစ်တွေကို တခေါက်ပြန်လာရင် တကိုယ်စာဆေးတွေ ဝယ်လာပေးလို့ပဲ သောက်နေရတာပါ။ တရက်မှာ ဆေးက ၃ လုံးသောက်ဖို့ ဆရာဝန်က မှာထားပေမဲ့ ချွေတာပြီးတော့ တလုံးတည်း သောက်ရတာမျိုးတွေပေါ့နော်။ တချို့ဆိုရင် ဆေးဝယ်ဖို့ ပိုက်ဆံမတတ်နိုင်လို့ ဆေးမသောက်ရတာ တော်တော်ကြာနေပြီ။ ဆေးက ဝယ်လို့ရလာတဲ့နေ့ သောက်ရတယ်။ မရရင်လည်း မသောက်ရဘူးပေါ့နော်။ ဆီးချိုသမားတွေက ပုံမှန် ဆေးတွေမသောက်ရတော့ ဆီးချိုတွေ မြင့်တက်လာပြီး နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေက တော်တော်ကြီးတယ်လေ၊ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ အန်တီတို့ အနီးအနားမှာလည်း ဆီးချိုဆေးပြတ်ပြီး လေဖြတ်သွားတာတွေလည်း ရှိတယ်။ အန်တီတို့နဲ့ ဆေးခန်းတူတူပြနေတဲ့ တယောက်ဆိုရင် သွေးတိုးလူနာလေ၊ သူဆိုရင်လည်း ဆေးပုံမှန်မသောက်ရတော့ သွေးတိုးပြီး ဆုံးသွားတာပေါ့နော်” လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း ဒေသတွင်း ဆေးဝါးပြတ်လပ်မှုအပြင် ဆီ၊ ဆား၊ ကြက်ဥနဲ့ စက်သုံးဆီ အပါအဝင် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်နေပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ပိတ်ဆို့ဖြတ်တောက်ထားမှုတွေကြောင့် ရခိုင်ဒေသခံတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အခြေခံလိုအပ်ချက်တွေအတွက် အသက်အန္တရာယ်ရှိတဲ့ အကျပ်အတည်းတွေကို နေ့စဉ် ရင်ဆိုင်နေကြရပါတယ်။
ကေခိုင်