မြန်မာ ၃ ဦးပါ နိုင်ငံခြားသားများကို နေထိုင်ခွင့်ကတ်ပြားအတုထုတ်ပေးခဲ့သည့် ခရိုင်အရာရှိဟောင်း ချင်းရိုင်တွင်ဖမ်းခံရ
politics||6 MIN READ

မြန်မာ ၃ ဦးပါ နိုင်ငံခြားသားများကို နေထိုင်ခွင့်ကတ်ပြားအတုထုတ်ပေးခဲ့သည့် ခရိုင်အရာရှိဟောင်း ချင်းရိုင်တွင်ဖမ်းခံရ

Back to News

AI Summary

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်တွင် ပညာရေးဆိုင်ရာ G-Code မှတ်ပုံတင်စနစ်ကို အလွဲသုံးစားပြု၍ တရားမဝင်နိုင်ငံခြားသား ၃၀၀ ကျော်အား နေထိုင်ခွင့်ကတ်ပြားများ အတုပြုလုပ်ပေးခဲ့သည့် အဂတိလိုက်စားမှုကွန်ရက်တစ်ခုကို အာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးခဲ့သည်။ အဆိုပါဖြစ်စဉ်သည် အစိုးရဝန်ထမ်းများနှင့် ရာဇဝတ်ဂိုဏ်းများ ပူးပေါင်းကာ လူသားချင်းစာနာမှုဖြင့် ဖန်တီးထားသည့် ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေးစနစ်ကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချခဲ့ခြင်းဖြစ်သည်။ ဤလုပ်ရပ်ကြောင့် မြန်မာ၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံသားများအပါအဝင် အထောက်အထားမဲ့သူများ ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ခွင့်ရရှိခဲ့ပြီး နိုင်ငံတော်၏ လုံခြုံရေးနှင့် စနစ်ကို ထိခိုက်စေခဲ့သည်။ လက်ရှိတွင် ဝိန်းကန်ခရိုင်အုပ်ချုပ်ရေးမှူးဟောင်းအပါအဝင် တာဝန်ရှိသူများကို ဖမ်းဆီးစစ်ဆေးနေပြီး တရားမဝင်ထုတ်ပေးထားသည့် ကတ်ပြားအားလုံးကို ပယ်ဖျက်ကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးသို့ လွှဲပြောင်းအရေးယူလျက်ရှိသည်။

ထင်ရှားသော ပြောကြားချက်များ

"G-Code စနစ်သည် ထိုင်းနိုင်ငံသားဖြစ်ခွင့် မရရှိသေးသည့် ကလေးသူငယ်ကျောင်းသားများ ပညာသင်ကြားခွင့်နှင့် အခြေခံအခွင့်အရေးများ ရရှိစေရန် ထိုင်းအစိုးရက လူသားချင်းစာနာမှုဖြင့် ဖန်တီးပေးထားသည့် အကာအကွယ်စနစ် ဖြစ်သည်။"

ထိုင်းနိုင်ငံသားဖြစ်ခွင့် မရှိသေးသည့် ကလေးသူငယ်များ၏ ပညာရေးဆိုင်ရာ “G-Code” မှတ်ပုံတင်ဒေတာဘေ့စ်ကို အလွဲသုံးစားပြုကာ၊ တရားမဝင် နိုင်ငံခြားသား ၃၀၀ ကျော်အား နေထိုင်ခွင့်ကတ်ပြားများ မမှန်မကန် ထုတ်ပေးနေသည့် ချင်းရိုင်၊ ဝိန်းကန် (Wiang Kaen) ခရိုင် အုပ်ချုပ်ရေးမှူးဟောင်းနှင့် အခြား တာဝန်ထမ်းဆောင်ဆဲအရာရှိ ၂ ဦးအား ဖမ်းမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ယမန်နေ့ (ဇွန်လ ၁၈ ရက်) က ချင်းရိုင်ခရိုင် ရဲတပ်ဖွဲ့ဌာနချုပ်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အုပ်ချုပ်ရေးဦးစီးဌာန (DOPA) ညွှန်ကြားရေးမှူးချုပ် ၊ ထိုင်းနိုင်ငံ ဒုတိယရဲချုပ် ရဲချုပ်ကြီး နှင့် ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး တို့အပါအဝင် ပူးပေါင်းအဖွဲ့အစည်းများက ဘတ် သန်းပေါင်းများစွာတန် အကျင့်ပျက်ခြစားမှု ကွန်ရက်ကို “Grey G-Code နှိမ်နင်းရေးစစ်ဆင်ရေး” (Grey G-Code Crackdown) ဖြင့် ဖြိုခွင်းခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။

DOPA ညွှန်ကြားရေးမှူးချုပ်၏ ရှင်းလင်းပြောကြားချက်အရ “G-Code” စနစ်သည် ထိုင်းနိုင်ငံသားဖြစ်ခွင့် မရရှိသေးသည့် ကလေးသူငယ်ကျောင်းသားများ ပညာသင်ကြားခွင့်နှင့် အခြေခံအခွင့်အရေးများ ရရှိစေရန် ထိုင်းအစိုးရက လူသားချင်းစာနာမှုဖြင့် ဖန်တီးပေးထားသည့် အကာအကွယ်စနစ် ဖြစ်သည်။

သို့သော်လည်း အကျင့်ပျက် ခြစားသည့် အစိုးရဝန်ထမ်းများနှင့် ရာဇဝတ်ဂိုဏ်းသည် ၎င်းမူဝါဒကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချခဲ့ကြသည်။

ယခုဖြစ်စဉ်သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တရားမဝင် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းမှ ခိုးဝင်လာသော အထောက်အထားမဲ့ နိုင်ငံခြားသားတစ်ဦးကို ဘတ် ၁၄၀,၀၀၀ နှင့်အတူ ဖမ်းဆီးမိရာမှ စတင်ကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ခြေရာခံ စုံစမ်းခဲ့ခြင်း ဖြစ်သည်။

ထိုနောက် G-Code စနစ်အတွင်း၌ လူတစ်ဦးတည်းကို G-Code နံပါတ် ၁၁ ခုအထိ သတ်မှတ်ထားခြင်းနှင့် အသက်ကြီးပိုင်း နိုင်ငံခြားသားများ၏ အချက်အလက်များကို ကလေးဘဝ ကျောင်းသားမှတ်တမ်းဟောင်းများထဲ ထည့်သွင်းကာ စာရွက်စာတမ်းအတု (Form 89) များဖြင့် နေထိုင်ခွင့်ကတ်ပြားများ မမှန်မကန် ထုတ်ပေးနေခြင်းစသည့် သိသာသော ကွဲလွဲချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။

နေထိုင်ခွင့်ကတ်ပြားအတုထုတ်ပေးခဲ့သည့် ခရိုင်အရာရှိဟောင်း ချင်းရိုင်တွင်ဖမ်းခံရ

DOPA ၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုယူနစ် (DOPA N.I.C.E.) နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့ ပူးပေါင်းကာ သံသယရှိသူ ၃၈ ဦး၏ ဇီဝအချက်အလက် (Biometric Data) များကို စစ်ဆေးခဲ့ရာတွင် အနည်းဆုံး ၆ ဦးသည် နိုင်ငံခြားပတ်စ်ပို့ ကိုင်ဆောင်ထားသူများ ဖြစ်နေကြောင်း တွေ့ရှိရသည်။

ထိုအထဲတွင် မြန်မာနိုင်ငံသား ၃ ဦး အပါအဝင်၊ တရုတ်နိုင်ငံသား ၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁ ဦး တို့အား နိုင်ငံခြားပတ်စ်ပို့ ကိုင်ဆောင်လျက် ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ကတ်ပြားများရယူထားကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ထိုသို့ တရားမဝင် ကတ်ပြားထုတ်ပေးမှုတွင် ဝိန်းကန် (Wiang Kaen) ခရိုင်၏ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဟောင်းမှ အခြေခံကျောင်းသား ၁၉ ဦး၏ အထောက်အထားများကို တရားမဝင် ပြောင်းလဲရန် အခြားအစိုးရ အရာရှိ ၂ ဦးနှင့် ပူးပေါင်းကာ တိုက်ရိုက်ခွင့်ပြုချက် ပေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

၎င်းတို့ ၃ ဦးအား အရပ်ဘက်မှတ်ပုံတင်ခြင်းအက်ဥပဒေ၊ ကွန်ပျူတာမှုခင်းအက်ဥပဒေနှင့် ရာဇသတ်ကြီးပုဒ်မ ၁၅၇ (အများပြည်သူဆိုင်ရာအချက်အလက်များကိုအသုံးပြုပြီး အဂတိလိုက်စားမှု) တို့ဖြင့် ပြင်းပြင်းထန်ထန် စွဲချက်တင်ထားသည်။

လက်ရှိတွင် ဝိန်းကန်ရဲစခန်းသည် အဓိကပစ်မှတ် ၂၂ ခုအတွက် တရားရုံးဖမ်းဝရမ်း ၂၇ စောင် ရယူကာ ခရိုင်တစ်ခုလုံး တစ်ပြိုင်နက် စစ်ဆေးခဲ့ရာ ဒု-ခရိုင်အုပ်ချုပ်ရေးမှူးဟောင်း၊ အစိုးရ အရာရှိ ၂ ဦးနှင့် တရားမဝင် အထောက်အထား ရယူထားသူ ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

အခြားသိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများမှာ နိုင်ငံသားဖြစ်ခွင့် တောင်းခံလွှာပုံစံများနှင့် အရပ်ဘက်မှတ်ပုံတင်ခြင်းဆိုင်ရာ စာရွက်စာတမ်းအတုများ၊ မှတ်ပုံတင်ဒေတာဘေ့စ်များ ပါရှိသည့် ကွန်ပျူတာများ၊ စမတ်ဖုန်းများနှင့် External Hard Drives များ၊ တရားမဝင် ထုတ်ပေးထားပြီးဖြစ်သည့် သက်သေခံကတ်ပြားများ၊ ဝိန်းကန်ခရိုင် ပညာရေးမြှင့်တင်မှုစင်တာမှ ၂၀၁၉ မှ ၂၀၂၅ ပညာသင်နှစ်အတွင်း ပြုလုပ်ခဲ့သည့် G-Code ခြေရာခံဖိုင်ပေါင်း ၄၉၁ ခု ကို သိမ်းဆည်းရမိခဲ့သည်။

ချင်းရိုင် အုပ်ချုပ်ရေးအာဏာပိုင်များသည် မမှန်မကန်နည်းလမ်းဖြင့် ရယူထားသော မှတ်ပုံတင်ဖိုင်များနှင့် သက်သေခံကတ်ပြားများ အားလုံးကို အမျိုးသား ဒေတာဘေ့စ်အတွင်းမှ ချက်ချင်းပယ်ဖျက်ပြီး ရုပ်သိမ်းရန် လုပ်ဆောင်လျက်ရှိသည်။

ထို့အပြင် ပတ်သက်ဆက်နွှယ်မှုရှိသမျှ အစိုးရဝန်ထမ်းအားလုံးကို ပြင်းထန်သော စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်မည့်အပြင်၊ အစိုးရဝန်ထမ်းများ အကျင့်ပျက်ခြစားမှုသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအောက်တွင် အကျုံးဝင်သဖြင့် ၎င်းတို့၏ ဘဏ္ဍာရေးလမ်းကြောင်းများကို ခြေရာခံကာ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းနိုင်ရန် အမှုတွဲဖိုင်အားလုံးကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) ထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား – Chiang Mai News

ဆက်စပ်သတင်းများ

AI Curated