
မင်းအောင်လှိုင်နှင့် မြန်မာစစ်ဘက်အရာရှိကြီးများ ပေကျင်းရှိ တရုတ်ဂြိုဟ်တုနှင့် အာကာသဆိုင်ရာ အဆောက်အအုံများသို့ သွားရောက်
AI Summary
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်စဉ် ပေကျင်းအာကာသမြို့တော်သို့ သွားရောက်လေ့လာခဲ့ပြီး အာကာသနည်းပညာရပ်များ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ရယူခဲ့သည်။ အဆိုပါခရီးစဉ်သည် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ဟု ဆိုသော်လည်း စိုက်ပျိုးရေးဝန်ကြီး လိုက်ပါခြင်းမရှိဘဲ စစ်ဘက်ဆိုင်ရာအရာရှိကြီးများသာ လိုက်ပါသွားခြင်းဖြစ်သည်။ စစ်အုပ်စုသည် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာနှင့် ချိတ်ဆက်၍ အာကာသနှင့် ဂြိုဟ်တုနည်းပညာများ ရရှိရန် ကြိုးပမ်းလျက်ရှိရာ ယခုတရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုသည် စစ်ရေးအရ အသုံးချနိုင်မည့် အလားအလာများရှိနေသည်။ ယင်းလုပ်ရပ်ကြောင့် နိုင်ငံတကာ၏ စိုးရိမ်မှုများရှိနေပြီး ယခင်ကလည်း ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းခဲ့ရဖူးသည်။ လက်ရှိတွင် မင်းအောင်လှိုင်သည် တရုတ်အဆင့်မြင့်အရာရှိများနှင့် ဆက်လက်တွေ့ဆုံရန် ရှိနေပြီး အာကာသနည်းပညာ လွှဲပြောင်းရယူရေးနှင့် ပညာတော်သင်များ လေ့ကျင့်ပေးရေးတို့ကို သဘောတူညီထားသည်။
MizziamEAE
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တရားဝင်မတွေ့ဆုံမီ ဇွန်လ ၁၅ ရက် ညနေပိုင်းက ဟွိုင်ရို့ (Huairou) ခရိုင်ရှိ ပေကျင်းအာကာသမြို့တော် (Beijing Aerospace City) သို့ သွားရောက်ခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး၏ တရားဝင်ဝဘ်ဆိုက်အရ သိရသည်။
အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ဆွေနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး တို့ လိုက်ပါခဲ့ကြပြီး စစ်အုပ်စုထိန်းချုပ်ထားသော ဝါဒဖြန့်မီဒီယာများက ယင်းခရီးစဉ်သည် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဂြိုဟ်တုနည်းပညာရပ်များအတွက် ဖြစ်သည်ဟု ဖော်ပြသော်လည်း အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် နေပြည်တော်၏ စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ကြီး လိုက်ပါသွားခြင်း မရှိပေ။
ခရီးစဉ်ပထမနေ့ဖြစ်သည့် ဇွန်လ ၁၅ ရက် ညနေပိုင်းက ပေကျင်းအာကာသထိန်းချုပ်ရေးဗဟိုဌာန၊ တရုတ်အာကာသနည်းပညာအကယ်ဒမီနှင့် တရုတ်အာကာသယာဉ်မှူးစင်တာတို့ တည်ရှိရာ စခန်းသို့ ရောက်ရှိစဉ် တရုတ်တာဝန်ရှိသူများက BeiDou ဂြိုဟ်တုလမ်းညွှန်စနစ်၊ ကမ္ဘာမြေအဝေးထိန်းအာရုံခံနည်းပညာ၊ Gaofen အဆင့်မြင့်ပုံရိပ်ဖမ်းဂြိုဟ်တုစီမံကိန်း၊ Tiangong အာကာသစခန်းနှင့် တရုတ်နိုင်ငံ၏ လူလိုက်ပါသည့် အာကာသပျံသန်းမှုအစီအစဉ်များကို ရှင်းလင်းပြသခဲ့ကြောင်း စစ်အုပ်စုပိုင် ကြေးမုံသတင်းစာက ဇွန်လ ၁၇ ရက်ထုတ် သတင်းစာမျက်နှာ ၁၁ မျက်နှာလုံးတွင် ဖော်ပြခဲ့သည်။
ခရီးစဉ်အတွင်း တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံသို့ အာကာသနည်းပညာရပ်များ လွှဲပြောင်းပေးရန်၊ အာကာသသိပ္ပံပညာရပ်ဆိုင်ရာ ပညာတော်သင်ကျောင်းသားများကို လက်ခံလေ့ကျင့်ပေးရန်နှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂြိုဟ်တုနည်းပညာသုံး သစ်တော၊ ရာသီဥတု၊ ရေအရင်းအမြစ်နှင့် ပထဝီဝင်အချက်အလက် (Data) များ ကောက်ယူရာတွင် ကူညီရန် သဘောတူခဲ့ကြောင်း စစ်အုပ်စု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက်ပိုင်း အာကာသနှင့် ဂြိုဟ်တုနည်းပညာအတွက် တရုတ်နိုင်ငံအပါအဝင် နိုင်ငံသုံးခုနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် မတ်လက ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးအသေးစားဂြိုဟ်တု လွှတ်တင်မည့်စီမံကိန်းကို စစ်အုပ်စုက အရပ်သားများအပေါ် စစ်ရေးအရ ပြန်လည်အသုံးပြုနိုင်သည့် စိုးရိမ်ချက်ကြောင့် ရပ်ဆိုင်းခဲ့ရကြောင်း၊ အဆိုပါတက္ကသိုလ်နှစ်ခုအကြား ချုပ်ဆိုထားသည့် စာချုပ်တွင် ဂြိုဟ်တုကို စစ်ရေးအတွက် မသုံးရဟူသော တားမြစ်ချက် ပါဝင်ခြင်းမရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
ထို့နောက် စစ်အုပ်စုသည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံအာကာသအေဂျင်စီကို မင်းအောင်လှိုင်၏ တိုက် ရိုက်ကွပ်ကဲမှုအောက်၌ ဖွဲ့စည်းခဲ့ပြီး ပြည်တွင်းပြည်ပဂြိုဟ်တုများ လွှတ်တင်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ပုံရိပ်များ သိမ်းဆည်းဖြန့်ဝေခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားအာကာသအေဂျင်စီ (Roscosmos) နှင့် သဘောတူညီချက်ရယူကာ မြန်မာ့ပထမဆုံးအာကာသယာဉ်မှူးကို လေ့ကျင့်ပေးရန်နှင့် ရုရှား၏ GLONASS ဂြိုဟ်တုလမ်းညွှန်စနစ်အတွက် အချက်အလက်ကောက်ခံရေးစခန်းတခု မြန်မာနိုင်ငံတွင် တည်ဆောက်ရန် သဘောတူညီခဲ့သည်။
တရုတ်နိုင်ငံ၏ အာကာသကဏ္ဍသည် စစ်ရေးအရ အရေးပါသော ရည်ရွယ်ချက်များရှိနေပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ သတင်းအချက်အလက်အခြေပြု စစ်အင်အားဖြစ်လာစေရန် ပေါင်းစပ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း နိုင်ငံတကာဗျူဟာမြောက်လေ့လာရေးအဖွဲ့ (IISS) ၏ ၂၀၂၅ ခုနှစ် ဇူလိုင်လ ခွဲခြမ်းစိတ်ဖြာချက်အရ သိရသည်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၁၉ ရက် သောကြာနေ့အထိ တရုတ်နိုင်ငံတွင် ရှိနေမည်ဖြစ်ပြီး တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာကျောက်လဲ့ကျိ (Zhao Leji) နှင့်လည်း တွေ့ဆုံရန် ရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်