ရှမ်းပြည်နယ်တောင်ပိုင်း၌ လူငယ်များကြား ဘိန်းစာရွက်ပြုတ် သုံးစွဲမှု တွင်ကျယ်လာ
health||6 MIN READ

ရှမ်းပြည်နယ်တောင်ပိုင်း၌ လူငယ်များကြား ဘိန်းစာရွက်ပြုတ် သုံးစွဲမှု တွင်ကျယ်လာ

DVB
SourceDVB
Back to News

AI Summary

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ဘိန်းစာရွက်ပြုတ်ရည်ကို ချောင်းဆိုးပျောက်ဆေးနှင့် ရောစပ်ရောင်းချသည့်ဆိုင်များ ပေါများလာပြီး လူငယ်များနှင့် ကျောင်းသားများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြသည်။ ဒေသတွင်း အုပ်ချုပ်ရေး အားနည်းခြင်းနှင့် ပြည်သူ့စစ်အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေခြင်းကြောင့် လက်နက်ကိုင်အဖွဲ့များ၏ တားမြစ်ချက်များမှာ ထိရောက်မှုမရှိဘဲ ဖြစ်နေသည်။ ဤမူးယစ်ဆေးဝါးများကြောင့် လူငယ်များ၏ အနာဂတ်ပျက်စီးနိုင်သည့်အပြင် လူမှုစီးပွားရေးကိုပါ စိတ်မဝင်စားတော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။ လက်ရှိတွင် ပင်လုံမြို့အပြင် အခြားမြို့ကြီးများတွင်လည်း အဆိုပါဆိုင်များ ပျံ့နှံ့နေပြီး တာဝန်ရှိသူများ၏ ထိရောက်သော ကိုင်တွယ်ဖြေရှင်းမှု လိုအပ်နေသည်။

ထင်ရှားသော ပြောကြားချက်များ

"အဲ့ထဲမှာ သူတို့က ချောင်းဆိုးပျောက်ဆေး၊ တကယ်ပြင်းတဲ့ ချောင်းဆိုးပျောက်ဆေးကို သူတို့ ရောလိုက်တာ၊ အဲ့ဆို လူကို ပိုပြီးတော့မှ မှိုင်းစေတယ်ပေါ့။"

"အကုန်သုံးနေတာပဲ၊ မိန်းကလေးတွေတောင် သုံးလာပြီဗျာ။ တချို့အရာတွေ မေ့တယ်ပေါ့၊ နောက်ပြီးမှ တအားကြီး ငြိမ်တယ်ပေါ့။"

"ပြည်သူ့စစ်တွေက သူတို့ထုတ်ကုန်တွေ ပါတယ်ဆိုတာ ကျနော်တို့ မပြောလည်း အကုန်လုံးသိတယ်။ အဲဒီထုတ်ကုန်တွေကို ဒီလူငယ်တွေရဲ့ ကြားထဲကို လာဖြန့်တာဗျ။"

Photo : DVB

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ပေါ်မှာ ဘိန်းစာရွက်ပြုတ်ရည်ကို ချောင်းဆိုးပျောက်ဆေးနဲ့ ရောစပ်ရောင်းချတဲ့ ဆိုင်ပေါင်း ၂၀ ကျော်အထိ ရှိလာနေပြီး အသက်ငယ်ရွယ်တဲ့ ကျောင်းသား လူငယ်တွေနဲ့ အမျိုးသမီးတွေကြားမှာပါ သုံးစွဲမှု ကျယ်ကျယ်ပြန့်ပြန့် ကူးစက်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတချို့က တားမြစ်မိန့်တွေ ထုတ်ပြန်ထားပေမဲ့ ဒေသတွင်း အုပ်ချုပ်ရေး အားနည်းမှုနဲ့ ပြည်သူ့စစ်အဖွဲ့အစည်းတချို့ ပါဝင်ပတ်သက်မှုတွေကြောင့် ထိရောက်စွာ တားဆီး နိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက ထောက်ပြ ပြောဆိုထားကြပါတယ်။

ပင်လုံမြို့ပေါ်မှာ ဘိန်းစာရွက်ပြုတ်ရည် ရောင်းချတဲ့ဆိုင်ပေါင်း ၂၀ ကျော်အထိ ရှိလာနေပြီး အလွယ်တကူ ဝယ်ယူရရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပင်လုံမြို့က ဆိုင်အများစုဟာ ဘိန်းစာရည်ပြုတ်ရည်ထဲကို ချောင်းဆိုးပျောက်ဆေးတွေနဲ့ ရောစပ်ပြီး ပိုယစ်မူးစေဖို့အတွက် ဖန်တီးရောင်းချနေကြတာလို့ ပင်လုံဒေသခံတယောက်က DVB ကို ရှင်းပြ ပါတယ်။

“၂၄ လား အတိအကျဆိုရင် ၂၄ လောက်ရှိမယ်။ ဒါ တခြားဆိုင်ဖွင့်ပြီးတော့မှ သူတို့ကို ချက်တဲ့ လူနားကို သွားဝယ်ပြီးမှ ပြန်တင်တဲ့ဆိုင်တွေ မပါသေးဘူး။ ဒီပင်လုံမှာကျတော့ သူတို့က ဘယ်လိုပြန်လုပ်လဲဆို သူက 2 in 1 တို့ 3 in 1 တို့ ဆိုတာ ရှိတယ်ဗျာ။ အဲ့ထဲမှာ သူတို့က ချောင်းဆိုးပျောက်ဆေး၊ တကယ်ပြင်းတဲ့ ချောင်းဆိုးပျောက်ဆေးကို သူတို့ ရောလိုက်တာ၊ အဲ့ဆို လူကို ပိုပြီးတော့မှ မှိုင်းစေတယ်ပေါ့။ အရင်တုန်းက ကျနော်တို့လူငယ်တွေမှာ ခေတ်စားသွားတဲ့ ကျွဲဆိုတဲ့ဟာမျိုး ချောင်းဆိုးပျောက်ဆေးနဲ့ ဘိန်းမဲနဲ့ရောပြီး သောက်တဲ့ဟာမျိုး အခု ဒီမှာ အဲဒီ ကထုမ်းမှာ အဲဒီပုံစံမျိုး သူတို့ ပြန်ဖန်တီးပြီးတော့မှ ရောင်းဝယ်ဖောက်ကားနေကြတာဗျာ။”

လက်ရှိ ပင်လုံမြို့ပေါ်မှာတော့ လူငယ် အမျိုးသားတွေသာမက အမျိုးသမီးတွေပါ သောက်လာတဲ့ အပြင် ဆယ်ကျော်သက်အရွယ်တွေ အထိပါ စွဲစွဲလမ်းလမ်း သောက်သုံးလာကြတယ်လို့ ပင်လုံမြို့ခံ တွေက ဆက်ရှင်းပြပါတယ်။

ဒီလို ချောင်းဆိုးပျောက်ဆေး ပြင်းပြင်းတွေနဲ့ ရောစပ်ထားတဲ့ ဘိန်းစာပြုတ်ရည်တွေကြောင့် သုံးစွဲတဲ့ လူငယ်တွေဟာ ရီဝေယစ်မူးပြီး နိုင်ငံရေး အပါအဝင် တခြား လူမှုစီးပွားရေးတွေကိုပါ စိတ်မဝင်စားတော့ဘဲ လူမျိုးတမျိုးလုံး အနာဂတ်ပျက်စီးမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ပင်လုံဒေသခံက “အကုန်သုံးနေတာပဲ၊ မိန်းကလေးတွေတောင် သုံးလာပြီဗျာ။ တချို့အရာတွေ မေ့တယ်ပေါ့၊ နောက်ပြီးမှ တအားကြီး ငြိမ်တယ်ပေါ့။ သူတို့က မူးယစ်စေတဲ့ အရာကြီးကို ကောင်းကောင်း ခံတွင်းတွေ့နေကြလို့လား မသိဘူး၊ မိန်းကလေးတွေပါ သုံးလာတယ်။ ကလေးဆို ကျနော်ကြည့်တာ ၆ တန်းလောက်ဆို စသောက်နေပြီ” လို့ ပြောပါတယ်။

မကြာသေးမီက ရှမ်းလက်နက်ကိုင်တပ် ၂ တပ်ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့က သူတို့ထိန်းချုပ်နယ်မြေအ တွင်းမှာ ဘိန်းစာရွက်ပြုတ်ရည် ရောင်းဝယ်ဖောက်ကားတာ၊ သုံးစွဲတာ၊ သယ်ယူပို့ဆောင်တာတွေ မလုပ်ဖို့ တားမြစ်ချက် ထုတ်ပြန်ထားပါတယ်။

ဖောက်ဖျက်ကျူးလွန်ပါက မူးယစ်ဆေးဝါးမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ် သွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဒီလိုထုတ်ပြန်ချက်တွေဟာ မြေပြင်မှာ အလုပ်မဖြစ်တဲ့ ထုတ်ပြန်ချက်တွေ ဖြစ်တယ် လို့ မြို့ခံတွေက ဝေဖန်ထားပါတယ်။

အရပ်ဘက်အဖွဲ့အစည်း (CSO) တွေအနေနဲ့ နောက်ကွယ်က ပြည်သူ့စစ် အာဏာပိုင်တွေရဲ့ ပြဿနာရှာမှုကို ကြောက်ရွံ့နေရတာကြောင့် တားမြစ်ပိတ်ပင်တာမျိုး မလုပ်နိုင်ဘဲ အသိပညာပေး ရုံသာ တတ်နိုင်တယ်လို့ ဆိုပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတယောက်က “ကျနော်တို့ဆီမှာ ဘာတွေ ထပ်ရှိဦးမလဲ ဆိုတော့ ပြည်သူ့စစ်တွေ၊ ပြည်သူ့စစ်တွေက သူတို့ထုတ်ကုန်တွေ ပါတယ်ဆိုတာ ကျနော်တို့ မပြောလည်း အကုန်လုံးသိတယ်။ အဲဒီထုတ်ကုန်တွေကို ဒီလူငယ်တွေရဲ့ ကြားထဲကို လာဖြန့်တာဗျ၊ အရှင်းပြောရင် အရင် Happy Water တို့ ဟာမျိုးလို တခြား မလိုလားအပ်တဲ့ မူးယစ်စေတဲ့ အရာတွေဗျာ။ ဌာနဆိုင်ရာတွေဆိုလည်း မြို့ထဲမှာ ဆိုင်လာဖွင့်ရင် တဆိုင် ဘယ်လောက်ဆိုပြီး အခွန်ရနေတော့ သူတို့က တကယ်ပိတ်စေချင်လို့လား၊ ဘယ်လိုချိတ်ဆက်မှုတွေနဲ့ ဒါတွေကို တားဆီးကြမှာလဲ ဆိုတာတော့ မေးခွန်းထုတ်စရာ ရှိပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်အတွင်းမှာ ပင်လုံမြို့အပြင် နမ့်လန်၊ နမ့်စန်၊ ကျိုင်းတုံ စတဲ့မြို့တွေမှာပါ ဘိန်းစာပြုတ်ရည်ဆိုင်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်ပါတယ်။

ဘိန်းစာအရွက်ကို မှောင်ခိုစနစ်နဲ့ တောင်ကြီးမြို့ဘက်ကနေ ဂိတ်ပေါင်းများစွာကို ဖြတ်သန်း သယ်ဆောင်ရတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်ပြီး တဘူးကို မြန်မာငွေ ကျပ် ၂၀,၀၀၀ မှ ၂၅,၀၀၀ ဝန်းကျင်အထိ စျေးပေါက်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ အထက်ပိုင်းခေါင်းဆောင်တွေက ဘယ်လိုပင် ထုတ်ပြန်ချက်တွေ ထုတ်ပြန် ပါစေ၊ မြို့နယ်နဲ့ တိုက်နယ်အဆင့် တာဝန်ရှိသူတွေ၊ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ မိမိတို့ လက်အောက်ခံတွေရဲ့ မူးယစ်ဆေးသုံးစွဲမှုနဲ့ ပြည်သူ့စစ်တွေရဲ့ နောက်ကွယ်က ဖြန့်ဖြူးမှုတွေ ကို ထိထိရောက်ရောက် ကိုင်တွယ်အရေးယူနိုင်ခြင်း ရှိ၊ မရှိ အပေါ်မှာသာ အဓိက မူတည်နေတယ်လို့ မေးခွန်းထုတ်နေကြပါတယ်။

မောရစ်

ဆက်စပ်သတင်းများ

AI Curated