
ဟားခါးမှ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ် ထန်တလန်မြို့ထဲ ဝင်ရောက်သော်လည်း မြို့၏အစိတ်အပိုင်းသာ ထိန်းချုပ်နိုင်သေး
AI Summary
ဟားခါးမြို့မှ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်သည် ဇွန်လ ၄ ရက်နေ့မှစ၍ ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ငါးရက်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၉ ရက်နေ့တွင် ထန်တလန်မြို့တွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် စစ်အုပ်စုတပ်သည် မြို့၏အစိတ်အပိုင်းအချို့ကိုသာ ထိန်းချုပ်ထားနိုင်သေးပြီး မြို့လယ်ရဲစခန်းမှ အပေါ်ဘက် တပ်ကုန်းအကြားတွင်သာ ခြေချနိုင်သေးကြောင်း CDF – Thantlang က ပြောသည်။ လေကြောင်းပစ်ကူ၊ ဒရုန်းနှင့် လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုမှုကြောင့် ချင်းတပ်ဖွဲ့များသည် C3 ကုန်းနှင့် အော်တိုတောင်ကုန်းတို့မှ ယာယီဆုတ်ခွာပေးခဲ့ရသည်။ တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က အထိအခိုက်မရှိကြောင်း CDF – Thantlang က ဆိုသည်။ လတ်တလော မြို့ထဲတွင် အပြင်းအထန် တိုက်ပွဲမရှိသေးသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက စစ်အုပ်စု၏ နောက်ထပ်စစ်ကြောင်းထိုးမှုများကို ကာကွယ်တားဆီးရန် ပြင်ဆင်နေကြသည်။ စစ်အုပ်စုတပ်၏ ဝင်ရောက်လာခြင်းမှာ အစားအသောက်နှင့် နေထိုင်ရေး ခက်ခဲနေသည့် အခြေစိုက်တပ်များနှင့် တပ်လဲရန်ဖြစ်နိုင်ကြောင်း CDF က သုံးသပ်သည်။
ဓါတ်ပုံ – CDF – Tlantlang အပတ်စဥ်(၁၂) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ခု ဇွန်လ၆ရက်နေ့ကကျင်းပနေစဥ်။ ချင်းပြည်နယ် ၊ဟားခါးမြို့မှ အင်အား ၂၅၀မှ ၃၀၀ ဝန်းကျင်ရှိ သော စစ်ကြောင်းသည် ဇွန်လ၄ရက်နေ့မှ စတင်ထွက်ခွာလာရာ ချင်းတော်လှန်ရေးတပ်ဖွဲ့များ နှင့် တိုက်ပွဲဖြစ်ပွားပြီး ဇွန်၉ရက်နေ့တွင် ထန်တလန်မြို့သို့ဝင်ရောက်သွားခဲ့သည်။ မြို့ထဲသို့ ဝင်ရောက်နိုင်ခဲ့သော်လည်း မြို့အစိတ်အပိုင်းအချို့ကိုသာ ထိန်းချုပ်နိုင်သေးကြောင်းသိရသည်။
ပါခွီး (ဇွန်-၁၁)
(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်သည် ထန်တလန်မြို့အတွင်းသို့ ဝင်ရောက်သွားနိုင်ပြီဖြစ်သော်လည်း မြို့၏အစိတ်အပိုင်းအချို့သာ ထိန်းချုပ်ထားနိုင်သေးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – ထန်တလန် (CDF – Thantlang) ထံက သိရသည်။
အင်အား ၂၅၀ မှ ၃၀၀ ဝန်းကျင် ပါဝင်သော စစ်အုပ်စုတပ်သည် ဟားခါးမြို့မှ ဇွန်လ ၄ ရက်နေ့တွင် ထွက်ခွာစစ်ကြောင်းထိုးလာရာ လမ်းခရီးတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၉ ရက်နေ့တွင် ထန်တလန်မြို့အတွင်းသို့ ဝင်နိုင်ခဲ့ခြင်းဖြစ်သည်။
“သူတို့ မြို့ထဲ ဝင်နိုင်သွားတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တမြို့လုံးကို ထိန်းချုပ်နိုင်တာ မဟုတ်ပါဘူး။ မြို့လယ်ရဲစခန်းကနေ အပေါ်ဘက် တပ်ကုန်းအကြားပဲ သူတို့ ခြေချနိုင်တာ ရှိပါတယ်၊ ရဲစခန်းကနေပြီးတော့ မြို့အောက်ဘက်ပိုင်းတွေမှာတော့ ကျွန်တော်တို့ လက်ထဲမှာပဲ ရှိနေဆဲ ဖြစ်ပါတယ်” ဟု CDF – Thantlang ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောသည်။
ငါးရက်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဘက်မှ လေကြောင်းပစ်ကူ၊ ဒရုန်းနှင့် လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုလာသောကြောင့် ချင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် C3 ကုန်းနှင့် အော်တိုတောင်ကုန်းတို့မှ ယာယီဆုတ်ခွာပေးခဲ့ရသည်။
ဇွန်လ ၄ ရက်နှင့် ၅ ရက်နေ့ တိုက်ပွဲများတွင် စစ်အုပ်စုတပ်က ၁၀ ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း၊ အော်တိုတောင်နှင့် ထန်တလန်မြို့အကြား တိုက်ပွဲတွင်လည်း ထောင်ထားသည့် မိုင်းများ ထိခိုက်မှု၊ ဒရုန်းဖြင့် ဗုံးကြဲမှုများကြောင့် သေဆုံးမှုများ ရှိကာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က အထိအခိုက်မရှိကြောင်း CDF – Thantlang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဟားခါးနှင့် ထန်တလန်မြို့အကြား ၂၅ မိုင် ကွာဝေးသော လမ်းမကို အလုံးစုံ သိမ်းပိုက်ပြီးဖြစ်ကြောင်း စစ်အုပ်စုတပ်လော်ဘီ ဝါဒဖြန့်ချန်နယ်များက ရေးသားကြသည်။
၎င်းအပြင် ဟားခါး – ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်း တခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဥ်များ၊ ခရီးသွားပြည်သူများ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကာ နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်ရေးနှင့် မိုင်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည် ဟုဆိုသည်။
ဟားခါး-ထန်တလန် လမ်းမကြီးအနီးတွင်သာ စစ်အုပ်စုတပ်က ရှိနေနိုင်ခြင်းဖြစ်ပြီး ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်းများပေါ်တွင်မူ တော်လှန်ရေးအဖွဲ့များက စစ်ကုပ်ယူထားဆဲဖြစ်၍ လမ်းပိုင်းတခုလုံးကို စစ်အုပ်စုက အပြည့်အဝ စိုးမိုးထားနိုင်ခြင်း မရှိသေးကြောင်း CDF – Thantlang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယခုကဲ့သို့ စစ်အုပ်စုတပ်က ထန်တလန်မြို့ထဲသို့ အင်အားသုံးဝင်ရောက်လာခြင်းမှာ အစားအသောက်နှင့် နေထိုင်ရေး အလွန်ခက်ခဲနေသည့် အခြေစိုက်တပ်များနှင့် တပ်လဲရန် လာခြင်းသာဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
လတ်တလော ထန်တလန်မြို့ထဲတွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း ယင်းမှတဆင့် မြို့နယ်အတွင်းနှင့် နယ်စပ်ဒေသများဘက်သို့ ဆက်လက်စစ်ကြောင်းမထိုးနိုင်စေရန် တော်လှန်ရေးတပ်ဖွဲ့များက ကာကွယ်တားဆီးရန် ပြင်ဆင်နေကြောင်း သိရသည်။
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေး၏ ‘ရက်၁၀၀ စီမံကိန်း’ အတွင်း စစ်အင်အားကို သုံးပြီး တော်လှန်ရေးနှင့် ပြည်သူများအကြား သွေးခွဲမည့် ဗျူဟာများကို သတိပြုကြရန်နှင့် ဆုံးရှုံးသွားသော နေရာများနှင့် ကျန်ရှိနေသော စခန်းများ ပြန်လည်ရယူနိုင်ရေး ကြိုးစားနေခြင်းကိုတွန်းလှန်ရန် ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးကြရန် CDF – Thantlang ပြောရေးဆိုခွင့်ရှိသူက မေတ္တာရပ်ခံထားသည်။