
တရုတ်နည်းပညာသုံးပြီး ပြည်သူများကိုစောင့်ကြည့်နေသည့် MPT နှင့် လမ်းခွဲရန် ဂျပန်ကုမ္ပဏီ KDDI နှင့် Sumitomo တို့ကို အရပ်ဘက်အဖွဲ့များ တောင်းဆို - BUR.MIZZIMA.COM
AI Summary
ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo တို့အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းရန် Justice For Myanmar၊ Mekong Watch နှင့် ဂျပန်အရပ်ဘက်အဖွဲ့အစည်း ငါးခုတို့က တိုက်တွန်းခဲ့သည်။ MPT သည် အရပ်သားများအပေါ် ဒစ်ဂျစ်တယ်နည်းပညာဖြင့် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းတို့တွင် ပါဝင်ပတ်သက်နေပြီး စစ်ကောင်စီအား အရပ်သားများကို ခြေရာခံခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့အတွက် စွမ်းဆောင်ရည်များ ရရှိစေသည်ဟု ဆိုသည်။ MPT ကို စစ်အုပ်စုထိန်းချုပ်ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Sumitomo နှင့် KDDI တို့က KDDI Summit Global Myanmar (KSGM) မှတဆင့် ပူးတွဲလုပ်ကိုင်နေခြင်းဖြစ်သည်။ အရပ်ဘက်အဖွဲ့အစည်းများက MPT ၏ စောင့်ကြည့်ထောက်လှမ်းမှုနှင့် စစ်ကောင်စီဝါဒဖြန့်ချိရေး ဝက်ဘ်ဆိုက်များအား ဝန်ဆောင်မှုပေးနေခြင်းအပေါ် ကုမ္ပဏီနှစ်ခု၏ လူ့အခွင့်အရေးဆိုင်ရာ လေ့လာဆန်းစစ်မှု ရှိ၊ မရှိ မေးမြန်းခဲ့သည်။ ကုမ္ပဏီများက MPT နှင့် ပတ်သက်မှု လျှော့ချထားကြောင်း ပြန်ကြားခဲ့သော်လည်း အရပ်ဘက်အဖွဲ့အစည်းများက ယင်းရှင်းလင်းချက်ကို လက်မခံဘဲ ဆက်လက်ထောက်ပံ့နေခြင်းသည် စစ်အုပ်စု၏ ရာဇဝတ်မှုများကို အားပေးကူညီရာရောက်နိုင်ကြောင်း သတိပေးခဲ့သည်။ မြန်မာနိုင်ငံ၏ အင်တာနက်သည် စစ်အာဏာသိမ်းပြီးနောက် ကမ္ဘာပေါ်တွင် ကန့်သတ်ချုပ်ချယ်မှု အခံရဆုံးစာရင်းဝင်သွားပြီဖြစ်ကြောင်း အဆိုပါအဖွဲ့များက ထောက်ပြခဲ့သည်။
မဇ္ဈိမ
KDDI Corporation နှင့် Sumitomo Corporation တို့အား အရပ်သားများအပေါ် ဒစ်ဂျစ်တယ်နည်းပညာဖြင့် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းတို့တွင် ပါဝင်ပတ်သက်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းလုပ်ကိုင်နေသော ဂျပန်ကုမ္ပဏီနှစ်ခုကို ပူးပေါင်းမှု ရပ်ဆိုင်းရန် Justice For Myanmar၊ Mekong Watch နှင့် ဂျပန်အရပ်ဘက်အဖွဲ့အစည်း ငါးခုတို့က ဇွန်လ ၂ ရက်နေ့တွင် တိုက်တွန်းလိုက်ကြသည်။
တရုတ်နိုင်ငံ၏ “Great Firewall” ၏ စီးပွားဖြစ်ပုံစံဟု တင်စားကြသည့် တရုတ်ကုမ္ပဏီ Geedge Networks နှင့် ပူးပေါင်းထုတ်လုပ်ထားသော အစုလိုက်အပြုံလိုက် စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေး နည်းပညာများကို MPT သည် ပထမဆုံး အသုံးပြုခဲ့သည့် အော်ပရေတာများထဲတွင် ပါဝင်ကြောင်း အဆိုပါအဖွဲ့များက ပြောကြားသည်။ ယင်းနည်းပညာသည် စစ်ကောင်စီအား အရပ်သားများကို ခြေရာခံခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့အတွက် ယခင်ကမရှိဖူးသည့် စွမ်းဆောင်ရည်များကို ရရှိစေသည်ဟုလည်း ဆိုသည်။
MPT ကို စစ်အုပ်စုထိန်းချုပ်ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Sumitomo Corporation နှင့် KDDI Corporation တို့က အကျိုးတူပူးပေါင်းဆောင်ရွက်သည့် KDDI Summit Global Myanmar Co., Ltd. (KSGM) မှတဆင့် ပူးတွဲလုပ်ကိုင်နေခြင်းဖြစ်သည်။
ကုမ္ပဏီနှစ်ခုလုံးထံ ပေးပို့သောစာများတွင် MPT ၏ အစုလိုက်အပြုံလိုက် စောင့်ကြည့်ထောက်လှမ်းမှု အခန်းကဏ္ဍကို KDDI နှင့် Sumitomo တို့ သိရှိခြင်း ရှိ၊ မရှိ၊ မြင့်တက်လာနေသော လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ရမှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ Infosheet နှင့် မြဝတီသတင်းဌာနတို့ကဲ့သို့ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုက်များကို MPT က ဝက်ဘ်ဟိုစတင်း (web hosting) ဝန်ဆောင်မှုပေးနေခြင်းအပေါ် လူ့အခွင့်အရေးဆိုင်ရာ လေ့လာဆန်းစစ်မှု (human rights due diligence) ပြုလုပ်ထားခြင်း ရှိ၊ မရှိတို့ကို မေးမြန်းခဲ့ကြသည်။
ကုမ္ပဏီများ၏ အကြောင်းပြန်ကြားချက်တွင် KSGM နှင့် MPT အကြား သဘောတူညီချက်ကို ကူညီထောက်ပံ့မှု နယ်ပယ်လျှော့ချရန် ပြင်ဆင်ထားကြောင်းနှင့် KSGM အနေဖြင့် MPT နှင့် အရင်းအနှီးဆိုင်ရာ ပတ်သက်မှုမရှိသလို ပူးတွဲလုပ်ငန်းဆောင်ရွက်မှုများတွင်လည်း ပါဝင်ခြင်းမရှိဟု ငြင်းဆိုကြသည်။ ထို့အပြင် မေးမြန်းထားသည့် သီးခြားစောင့်ကြည့်ရေး ထုတ်ကုန်များနှင့် ဝက်ဘ်ဆိုက်ဟိုစတင်း လုပ်ဆောင်မှုများတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိသကဲ့သို့ မှတ်ချက်ပေးနိုင်သည့် အနေအထားတွင်လည်း မရှိဟုဆိုသည်။
မေးခွန်းထုတ်သည့်အရပ်ဘက်အဖွဲ့အစည်းများက ဤရှင်းလင်းချက်မှာ လုံလောက်မှုမရှိကြောင်း ပယ်ချခဲ့ပြီး တရားဝင် အရင်းအနှီးဆိုင်ရာ ပတ်သက်မှုမရှိစေကာမူ KSGM အနေဖြင့် MPT ၏ ဆက်သွယ်ရေးလုပ်ငန်းများအတွက် ဆက်လက်ထောက်ပံ့ပေးနေခြင်းသည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် အားပေးကူညီရာရောက်နိုင်သည့် အန္တရာယ်ရှိသည်ဟု သတိပေးလိုက်သည်။
စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက် ငါးနှစ်အကြာတွင် မြန်မာနိုင်ငံ၏ အင်တာနက်သည် ကမ္ဘာပေါ်တွင် ကန့်သတ်ချုပ်ချယ်မှုအခံရဆုံး စာရင်းဝင်သွားပြီဖြစ်ကြောင်း အဆိုပါအဖွဲ့များက ဆိုသည်။ စစ်အုပ်စုသည် ဆိုင်ဘာလုံခြုံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး အွန်လိုင်းအသုံးပြုမှုများအပါအဝင် လူပေါင်း ၄၀၀ ကျော်ကို တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“MPT ဟာ အရပ်သားတွေကို စောင့်ကြည့်ဖို့၊ ဖမ်းဆီးဖို့၊ နှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့အတွက် လက်တွေ့အသုံးပြုနေတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ် ထိန်းချုပ်မှု ယန္တရားမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့ပြီး Sumitomo နှင့် KDDI တို့အနေဖြင့် MPT နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေခြင်းသည် မြန်မာပြည်သူများအတွက်သာမက နိုင်ငံတကာဥပဒေအရ တာဝန်ရှိလာနိုင်သည့်အတွက် အဆိုပါ ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက်ပါ အန္တရာယ်ရှိစေကြောင်း ဖြည့်စွက်ပြောကြသည်။
Mekong Watch ၏ အမှုဆောင်ဒါရိုက်တာ Yuka Kiguchi ကလည်း “မြန်မာစစ်အုပ်စုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အချိန်မှာ ကုမ္ပဏီနှစ်ခုလုံးက MPT ကို ဆက်လက်ထောက်ပံ့နေတာဟာ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်ဖို့ သူတို့ရဲ့ တာဝန်ဝတ္တရားကို ကျေပွန်ရာမရောက်ပါဘူး” ဟု ပြောကြားခဲ့သည်။