
တရုတ်စီမံကိန်းများ စောင့်ရှောက်မည်ဆိုသည့် စစ်တပ်ဗုံးကြဲမှုကြောင့် ရခိုင်တွင် ၁၁ ဦးသေ၊ နှစ်ဒါဇင်နီးပါး ဒဏ်ရာရ
AI Summary
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်ကာ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးမည်ဟု ကတိပေးနေချိန်တွင် ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများသည် ဂွနှင့် ကျောက်တော်မြို့နယ်များရှိ အရပ်သားနေထိုင်ရာနေရာများကို ပစ်မှတ်ထားခြင်းဖြစ်ပြီး ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်နစ်နာခဲ့ရသည်။ စစ်တပ်၏ ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများသည် ရှုံးမဲမဲကာ ပြည်သူလူထုအပေါ် အငြိုးထားလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် လေ့လာသူများက ဝေဖန်ပြောဆိုကြသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်၌ အာရက္ခတပ်တော်နှင့် စစ်တပ်တို့အကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး တရုတ်စီမံကိန်းများရှိရာ ဒေသများအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ထင်ရှားသော ပြောကြားချက်များ
"ဒီအကြိမ်မှာ ဗုံးအလုံးရေများတယ်။ သူတို့က စစ်မြေပြင်လို သတ်မှတ်ထားတာ။ သူတို့ (စစ်တပ်)မှာ ရှုံးမဲ မဲပြီး ဗုံးလာကြဲတာ။ ဘယ်နေရာဆိုတာလည်းမသိ။ ဘာအငြိုးရှိလဲ မသိ။ ငါတို့ ဘက်မှာပဲ လာချတယ်"
"သူတို့က ကျင့်ဝတ်ရှိတဲ့အစိုးရတရပ်မဟုတ်။ ကျင့်ဝတ်ရှိတဲ့ စိတ်ဓာတ်မျိုးမဟုတ်။ ပြည်သူလူထု အပေါ်မှာ ဒီလိုမျိုးလုပ်ပြတာက သိပ်ကြာနေပြီ။ ဒါကြောင့် သတ်ဖြတ်ပြလို့လည်း ဒီတိုင်းပြည်ဟာ မတည်မငြိမ်နဲ့ ပျက်စီးနေတဲ့ တိုင်းပြည်တရပ်ဖြစ်နေတာ"
ကျောက်ဖြူစီမံကိန်း အပါအဝင် ဒေသတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်မည်ဟု ဦးမင်းအောင်လှိုင်က တရုတ်သမ္မတရှီကျင့်ဖျင်ကို တရုတ်ခရီးစဉ်အတွင်း ကတိပေးနေချိန် စစ်တပ်၏ ဗုံးကြဲမှုများကြောင့် ရခိုင်ပြည်နယ်တွင် အသက် လေးနှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့သည်။
ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက်ဆက်တိုက် ဂွမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သားသုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရသည်။
၁၅ ရက်နေ့တွင်ပင် ကျောက်တော်မြို့ပေါ် နေရာအချို့ကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် လေးနှစ်မှ ၇၈ နှစ်ကြားရှိ အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး နှစ်ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသူများထဲတွင် အသက်ကိုးလအရွယ် ကလေးတစ်ဦးပါဝင်ကြောင်း အာရက္ခတပ်တော်(AA)နှင့် ဒေသအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။
စစ်တပ်က ကျောက်တော်မြို့ကို ယခင်က ဗုံးကြဲမှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ် အများဆုံးဖြစ်ကြောင်း သက်လတ်ပိုင်းအရွယ် ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဒီအကြိမ်မှာ ဗုံးအလုံးရေများတယ်။ သူတို့က စစ်မြေပြင်လို သတ်မှတ်ထားတာ။ သူတို့ (စစ်တပ်)မှာ ရှုံးမဲ မဲပြီး ဗုံးလာကြဲတာ။ ဘယ်နေရာဆိုတာလည်းမသိ။ ဘာအငြိုးရှိလဲ မသိ။ ငါတို့ ဘက်မှာပဲ လာချတယ်” ဟု ၎င်းက ဆိုသည်။
ယခုလအစောပိုင်း (ဇွန်လ ၇ ရက်) ကလည်း ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ရေကြောင်းမှ သွားလာနေသည့် ခရီးသွား ပြည်သူများကို စစ်ရေယာဥ်များက ပစ်ခတ်သဖြင့် ခရီးသွားအချို့ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သလို ထိုနေ့တွင်ပင် မင်းပြားမြို့မှ ရမ်းဗြဲမြို့သို့ ကုန်ပစ္စည်းတင်ဆောင်လာသည့် စက်လှေပါ ကုန်သည်နှင့် ၁၄ ဦးကို ဖမ်းဆီးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများမတိုင်ခင် ဇွန်လ ၄ ရက်တွင် ရမ်းဗြဲမြို့နယ်၌လည်းကောင်း၊ ၆ ရက်တွင် ကျောက်ဖြူမြို့နယ်၌လည်းကောင်း ဒရုန်း၊ လေယာဉ်တို့ဖြင့် အသီးသီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျွဲနွားအချို့သေဆုံးပြီး နေအိမ်များလည်း ပျက်စီးခဲ့သည်။
စစ်အစိုးရသမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့်အချိန်တွင် တရုတ်အားကိုးဖြင့် ရခိုင်လူထုကို ဗုံးကြဲပြသည့်သဘောဟု ရခိုင်လူမှုကူညီရေးသမားလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သည့် ဦးဝေဟင်အောင်က ဝေဖန်သည်။
“သူတို့က ကျင့်ဝတ်ရှိတဲ့အစိုးရတရပ်မဟုတ်။ ကျင့်ဝတ်ရှိတဲ့ စိတ်ဓာတ်မျိုးမဟုတ်။ ပြည်သူလူထု အပေါ်မှာ ဒီလိုမျိုးလုပ်ပြတာက သိပ်ကြာနေပြီ။ ဒါကြောင့် သတ်ဖြတ်ပြလို့လည်း ဒီတိုင်းပြည်ဟာ မတည်မငြိမ်နဲ့ ပျက်စီးနေတဲ့ တိုင်းပြည်တရပ်ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။
စစ်ခေါင်းဆောင်၏ ဇွန်လ ၁၅-၁၉ တရုတ်နိုင်ငံခရီးစဉ်အတွင်း ပိုးလမ်းမ စီမံကိန်း၊ ကျောက်ဖြူရေနက်စီမံကိန်း၊ မန္တလေး-မူဆယ် ရထားလမ်းစသော စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြပြီး တရုတ်စီမံကိန်းများကို ကာကွယ်စောင့်ရှောက်မည်ဟု နှစ်ဖက်ပူးတွဲကြေညာချက်ကို ဇွန်လ ၁၇ ရက်တွင် စစ်တပ်က ထုတ်ပြန်ထားသည်။
AA သည် ရခိုင်တွင် ၁၇ မြို့နယ်ရှိသည့်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး တရုတ် စီမံကိန်းများရှိသော ကျောက်ဖြူ၊ အိန္ဒိယ၏ ကုလားတန်စီမံကိန်း ရှိသော စစ်တွေမြို့နှင့် မာန်အောင်မြို့တို့သာ သိမ်းရန် ကျန်တော့သည်။
ပြီးခဲ့သည့် မေလတွင် စစ်တပ်က တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိရာ ကျောက်ဖြူမြို့နယ်တောင်မော်ဦး ရေတပ်စခန်းအနီး AA တပ်များ ရှိသောနေရာများကို ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများဖြစ်ခဲ့ပြီး AA က ကျောက်ဖြူမြို့အရှေ့ဘက် ၁၇ မိုင်ခန့် အကွာရှိ စစ်တပ်၏ ကာကင်းစခန်း လေးခုကို ယခုလဆန်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။
ထိုစဉ်ကလည်း စစ်တပ်က တောင်မော်ဦးရေတပ်စခန်းအနီးရှိ အရပ်ဘက်ပစ်မှတ်များကို ဦးတည်၍ ပြန်လည် တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ ရေတပ်အနီး စစ်ရေးပြင်းထန်နေဆဲဖြစ်သည်။
ကျောက်ဖြူမြို့နယ်တွင် တောင်မော်ဦးရေတပ်အပြင် ရခိုင်ပြည်နယ်၏အကြီးဆုံး ရေတပ်ဌာနချုပ်ဖြစ်သော ဓညဝတီရေတပ်ရှိသလို တရုတ်စီမံကိန်းများဖြစ်သော ကျောက်ဖြူရေနက်စီမံကိန်း၊ ထိုဆိပ်ကမ်းနှင့် ချိတ်ဆက်နိုင်သည့် မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများ ရှိသည်။
စစ်ခေါင်းဆောင်က မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများဖြစ်သည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့ကို ပူးပေါင်းဆောင်ရွက်နေပြီး မူဆယ်-မန္တလေးနှင့် မန္တလေး- ကျောက်ဖြူရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်နေကြောင်း ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်၊ တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ပြုလုပ်သည့် မြန်မာ-တရုတ် စီးပွားရေးမြှင့်တင်မှုဆွေးနွေးပွဲတွင် တရုတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ပြောထားသည်။