
AI Summary
အရပ်ဖက်အဖွဲ့အစည်း ၁၂၀ ကျော်က မင်းအောင်လှိုင် အိန္ဒိယခရီးစဉ် ဖျက်သိမ်းရန် တောင်းဆိုသည်။ စစ်အာဏာရှင်လက်အောက် တရားဥပဒေမဲ့မှုကြောင့် နယ်စပ်ပြဿနာများ ဖြစ်ပေါ်ပြီး၊ ၎င်းကို လက်ခံခြင်းက တရားဝင်မှုပေးရာရောက်သည်ဟု ဆိုသည်။ မြန်မာပြည်သူများ ဒီမိုကရေစီရရေး အိန္ဒိယ ရပ်တည်ပေးရန် တိုက်တွန်းသည်။

မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင် အိန္ဒိယနိုင်ငံကို တရားဝင်သွားရောက်မဲ့ ခရီးစဉ်ကို ဖျက်သိမ်းပေးဖို့နဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၁၂၀ ကျော်က တောင်းဆို လိုက်ပါတယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူသားချင်းစာနာထောက်ထားမှု ကွန်ရက်တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်း စုစုပေါင်း ၁၂၂ ဖွဲ့က မေ ၂၈ ရက်မှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီထံ အိတ်ဖွင့် ပေးစာ တစောင် ပေးပို့ တောင်းဆိုလိုက်တာပါ။
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော် ဂယက်ရိုက်ခတ်မှု တွေ ခံစားနေရတာကို နားလည်ကြောင်းနဲ့ မူးယစ်ဆေးဝါး၊ မှောင်ခိုမှု၊ ဒုက္ခသည်ပြဿနာနဲ့ ဆိုက်ဘာ ငွေကြေး လိမ်လည်မှုတွေဟာ စစ်အာဏာရှင်လက်အောက်မှာ တရားဥပဒေစိုးမိုးရေး ပျက်ပြား နေတာကြောင့် ဖြစ်တယ်လို့ အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်နဲ့ တက်ကြွ လှုပ်ရှားသူ ၂၀,၀၀၀ ကျော်ကို မတရားဖမ်းဆီးထားတဲ့ စစ်အာဏာရှင်ကို အခုလို တရားဝင် လက်ခံတွေ့ဆုံတာဟာ သူတို့ကို နိုင်ငံရေးအရ တရားဝင်မှုပေးရာ ရောက်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကြိုးပမ်းမှုတွေမှာ အိန္ဒိယနိုင်ငံအနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပေးဖို့ အလေးအနက် တောင်းဆို ထားပါတယ်။
စစ်ခေါင်းဆောင်ဟာ မေ ၃၀ ရက်မှာ အိန္ဒိယနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဇွန် ၁ ရက်မှာ မိုဒီနဲ့ တွေ့ဆုံမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်ကို အခုလို အိန္ဒိယဝန်ကြီးချုပ် မိုဒီက အသိအမှတ်ပြု ဆက်ဆံလာတာဟာ တရုတ် အစိုးရရဲ့ ဒေသတွင်း စီးပွားရေးနဲ့ လုံခြုံရေး ဖိအားပေးမှုတွေကို မျှခြေယူနိုင်ဖို့ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။