နတ်မောက်တွင် စစ်တပ်က စစ်ကြောင်းထိုး ရွာမီးရှို့ ၊ PDF အယောင်ဆောင် ၁ ဦးကို ဖမ်းမိ
general||4 MIN READ

နတ်မောက်တွင် စစ်တပ်က စစ်ကြောင်းထိုး ရွာမီးရှို့ ၊ PDF အယောင်ဆောင် ၁ ဦးကို ဖမ်းမိ

DVB
SourceDVB
Back to News

AI Summary

မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများတွင် ဇွန်လဆန်းပိုင်းမှစ၍ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန် ၅ ရက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါး ဒဏ်ရာရရှိခဲ့သည်။ ဤသို့ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်းမှာ PDF အယောင်ဆောင်ကာ ပြည်သူကိုနှိပ်စက်ပြီး စစ်တပ်ကို TikTok မှတစ်ဆင့် စိန်ခေါ်ခဲ့သည့် သိန်းသန်းစိုးကို ဇွန် ၁ ရက်တွင် ဖမ်းဆီးရမိပြီးနောက်ပိုင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ သိန်းသန်းစိုးသည် ဂွေးပင်ရွာမှ လင်မယားနှစ်ဦးကို သတ်ဖြတ်ရန် ကြိုးပမ်းပြီး အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သူဖြစ်ကြောင်း နတ်မောက် ပကဖ က ထုတ်ပြန်ခဲ့သည်။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရုံးပင်ကွက်ရွာ ဘုန်းတော်ကြီးကျောင်း ပျက်စီးခဲ့ပြီး၊ ဇွန် ၃ ရက်ကလည်း သမှုန်းကုန်းကြီးကျေးရွာရှိ လူနေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ယင်းဖြစ်ရပ်များကြောင့် နတ်မောက်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေသခံပြည်သူများသည် နေအိမ်များဆုံးရှုံးကာ ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရသည်။ လက်ရှိတွင် စစ်အာဏာရှင်တပ်များ စစ်ကြောင်းထိုးဝင်ရောက်နေဆဲဖြစ်၍ စစ်ရေးအခြေအနေ တင်းမာနေပြီး ဒေသခံများအနေဖြင့် သတိဖြင့်နေထိုင်သွားလာကြရန် နတ်မောက် ပကဖ က တိုက်တွန်းထားသည်။ ဖမ်းဆီးရမိထားသည့် PDF အယောင်ဆောင် သိန်းသန်းစိုးကို တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

Photo: နတ်မောက်မြို့နယ် ပကဖ

မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို စစ်အာဏာရှင်တပ်က ဇွန်လဆန်းပိုင်းကစတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို ဇွန် ၅ ရက်မှာလည်း လေကြောင်းတိုက်ခိုက်ခဲ့လို့ ဘုန်းကြီး တပါး  ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “၅ ရက်နေ့ မနက်ပိုင်းမှာ နတ်မောက်အရှေ့ခြမ်းက ရုံးပင်ကွက်‌ရွာ ဘုန်းတော်ကြီးကျောင်းကို ရဟတ်ယာဥ်နဲ့လာကြဲသွားတာ။ အရှေ့၊ အနောက်ပြန်ပြီးတော့ကို ပစ်တာဗျ။ ကျနော်တို့ရွာနဲ့ အဲ့ဒိရွာက တောင်ဘက်၊ မြောက်ဘက်ဆိုတော့ အကုန်ကြားနေတယ်။ အဲ့ဒိအသံကြားတော့ ကျနော်တို့လည်း ပုန်းရတာပေါ့။ အဲ့ဒိကျောင်းကတော့ ကျောင်းဆောင်တချို့ ပျက်စီးပြီး ဦးပဥ္စင်းတပါးလည်း ဒဏ်ရာရတယ်လို့ကြားတယ်ဗျ” လို့ ပြောပါတယ်။

စစ်ရဟတ်ယာဥ်ဟာ ရုံးပင်ကွက်‌ရွာဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် နတ်မောက် မြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေဘက်ကို လှည့်ပတ်ပျံသန်းကာ ဗုံးကြဲတိုက်ခိုက် သွားပါတယ်။

ဇွန် ၃ ရက်ကလည်း နတ်မောက်အရှေ့ဘက်ခြမ်းကို ဝင်ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းဟာ သမှုန်းကုန်းကြီးကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ နတ်မောက် ပကဖ တာဝန်ခံ ကိုဆိပ်က ပြောပါတယ်။

“အရင်ရက်ကဖမ်းမိထားတဲ့ PDF အယောင်ဆောင် သိန်းသန်းစိုးက နတ်မောက် PDF ပါလို့ သူ့ TikTok ပေါ်မှာ ဂွေးပင်ရွာက ဒလန်လင်မယားကိုသတ်ပစ်ခဲ့​တယ်။ အဲ့ဒိရွာမှာ တော်လှန်ရေးတပ် တွေရှိ​လို့ သတ္တိရှိရင်လာခဲ့ဖို့စိန်ခေါ်တဲ့ ရုပ်သံနဲ့ စာသားတွေတင်ပြီးနောက်ပိုင်းမှာ ရန်သူ့ဘက်က ကင်းထောက်တာတွေ၊ စစ်ကြောင်းထိုးတာတွေနဲ့ ဗုံးကြဲတာတွေဆက်တိုက်လုပ်လာတာပါ။”

နတ်မောက်မြို့နယ်မှာ အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ပြီး အမျိုးသားတယောက်ကို ညှဉ်းပန်း နှိပ်စက်ခဲ့တဲ့ PDF အယောင်ဆောင် သိန်းသန်းစိုးကို   ဇွန် ၁ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နတ်မောက်မြို့နယ် ပကဖ) က ဇွန် ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

နတ်မောက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “သူက PDF အယောင်ဆောင်ပြီးတော့ ကျန်ခဲ့တဲ့ လပိုင်းထဲမှာ ဂွေးပင်ရွာက အိမ်တအိမ်ကိုဝင်ပြီး အိမ်ပိုင်ရှင်လင်မယား ၂ ယောက်ထဲက ယောကျာ်းဖြစ်သူကိုလည်ပင်းဓားနဲ့လှီးတယ်။ နောက်ပြီးတော့ မိန်းမဖြစ်သူကို အဓမ္မပြုကျင့် ခဲ့တယ်။ ယောကျာ်းဖြစ်တဲ့သူကတော့ ကံကောင်းပြီး အသက်မသေခဲ့ပါဘူး” လို့ ပြောပါတယ်။

PDF အယောင်ဆောင်ကာ ပြည်သူကိုနှိပ်စက်ပြီး အဓမ္မပြုကျင့်ခဲ့သူဟာ နတ်မောက်မြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် သိန်းသန်းစိုး ဖြစ်တယ်လို့ ဆိုပါတယ်။

PDF အယောင်ဆောင်ပြီး ပြည်သူကိုနှိပ်စက်ခဲ့တဲ့ သိန်းသန်းစိုး ကို ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေအတိုင်းဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆက်ပြောပါတယ်။

လတ်တလော နတ်မောက်မြို့နယ်အရှေ့ဘက်ခြမ်းကို စစ်အာဏာရှင်တပ်တွေက စစ်ကြောင်းထိုး ဝင်ရောက်နေလို့ စစ်ရေးအခြေအနေအရ တင်းမာနေတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေနဲ့ မြေပြင်စစ်ကြောင်းရဲ့အန္တရာယ်တွေကြောင့် နတ်မောက် မြို့နယ်အရှေ့ဘက်ခြမ်းက ဒေသခံပြည်သူတွေအနေနဲ့လည်း သတိနဲ့ နေထိုင်သွားလာကြဖို့ နတ်မောက်မြို့နယ် ပကဖ က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated
နတ်မောက်တွင် စစ်တပ်က စစ်ကြောင်းထိုး ရွာမီးရှို့ ၊ PDF အယောင်ဆောင် ၁ ဦးကို ဖမ်းမိ | YGN Daily