ရောင်နီဆည်းဆာများ
culture||8 MIN READ

ရောင်နီဆည်းဆာများ

AI Summary

မိုင်းရယ်စော်ဘွားကြီး၏ သမီးတော်ဖြစ်သူ ရှမ်းစာပေပညာရှင် စဝ်တင်းမိုင်း (Ellaline Holm) သည် ၂၀၂၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၌ အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သူမသည် ရှမ်းပဒေသရာဇ်ခေတ် ကုန်ဆုံးပြီးနောက် စော်ဘွားအရိုက်အရာကို ဆက်ခံခွင့်မရခဲ့ဘဲ အမေရိကန်သို့ ပြောင်းရွှေ့အခြေချခဲ့ရသည်။ သို့သော်လည်း သူမသည် မိမိလူမျိုး၏ ရှမ်းစာပေနှင့် ဘာသာစကားကို ထိန်းသိမ်းမြှင့်တင်ရန် စေတနာအပြည့်ဖြင့် ကြိုးပမ်းခဲ့သည်။ အမေရိကန်နိုင်ငံတွင် ရှမ်းစကားနှင့် စာပေများကို သင်ကြားပေးခဲ့ပြီး Shan-English အဘိဓာန်စာအုပ်နှစ်အုပ်ကိုလည်း ပြုစုထုတ်ဝေခဲ့သည်။ သူမ၏ ကြိုးပမ်းမှုများသည် ရှမ်းစာပေဝေါဟာရကို လေ့လာသူများနှင့် နိုင်ငံခြားသား စာသင်သားများအတွက် များစွာအထောက်အကူပြုခဲ့သည်။ စဝ်တင်းမိုင်း၏ ဘဝသည် ရှမ်းမင်းဆက်တစ်ခု၏ အရှိန်အဝါကျဆင်းမှုကြားမှ မိမိလူမျိုး၏ စာပေနှင့် ဘာသာစကားကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်တမ်းတင်ထိုက်သည်။ သူမ၏ ကွယ်လွန်ခြင်းအတွက် မေလ ၇ ရက်နေ့တွင် မိသားစုဝင်များက ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

သီပေါစော်ဘွား နောက်ဆုံးမင်းဆက် စော်ဘွားကြီး စဝ်ကြာဆိုင်ရဲ့ ဇနီးဖြစ်သူ သြစတြီးယားသူ စဝ်သုစန္ဒီ ( Inge Sargent) က Twilight Over Burma: My Life as a Shan Princess အမည်ရှိ ကိုယ်တိုင်ရေး အတ္ထုပတ္တိ စာအုပ်ကို (၁၉၉၄)ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။

(၂၀၁၅)ခုနှစ်မှာ Twilight Over Burma-မြန်မာ့ဆည်းဆာ ရသမြောက်ရုပ်ရှင်ကားအဖြစ် ဒါရိုက်တာ Sabine Derflinger က ရိုက်ကူးထုတ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကားကြီးကို မြန်မာနိုင်ငံတွင် ပြသခွင့်မရရှိခဲ့ပါ။

ကျိုင်းတုံစော်ဘွားကြီးရဲ့သမီးတော် စဝ်ထားဏီးကိုယ်တိုင်ရေးသားပြီး ဒေါက်တာစိုင်းစံအိုက်က စုစည်းပြုစု မြန်မာဘာသာပြန်ထားတဲ့ ကျိုင်းတုံစော်ဘွား စဝ်စိုင်းလုံမွေးနှစ်(၁၀၀)ပြည့် အထိမ်းအမှတ် စာအုပ်ကို ၂၀၂၆ခုနှစ်၊ မတ်လအတွင်းမှာ ထုတ်ဝေခဲ့တယ်။ ခမည်းတော်ရဲ့ အတ္ထုပတ္တိကို စဝ်ထားဏီး ကိုယ်တိုင်ရေးတဲ့ မှတ်တမ်းမှတ်ရာနဲ့ ရှားပါးဓါတ်ပုံတွေပါရှိတာကို တွေ့ရှိရတယ်။

သံလွင်အ‌ရှေ့ပိုင်း ကျိုင်းတုံ ဒေသ အုပ်ချုပ်‌ရေးစနစ်ကောင်းတည်ဆောက်ထားပုံကို  သမိုင်းအထောက်အထားနဲ့တကွ ဒေါက်တာ စိုင်းစံအိုက်က မျှဝေရေးသားထားတဲ့အပြင် နီးစပ်သူများပါဝင်ရေးသားထားတဲ့အတွက် စော်ဘွားကြီး စဝ်စိုင်းလုံရဲ့ ကျိုင်းတုံဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေး၊ စာပေ/ပညာရေး၊ သာသနာရေး အပြင် သံတမန်ရေးအဆုံး စွမ်းစွမ်းတမံဆောင်ရွက်ချက်များနဲ့ ဆွေတော်မျိုးတော်များရဲ့ စိတ်ရင်းစေတနာ သဘောထား ဖော်ပြချက် များကို စုံစုံလင်လင်လေ့လာဖတ်ရှုရတယ်။  ကျိုင်းတုံဒေသရဲ့ ကောင်းကျိုးအဖြာဖြာကို ထမ်းဆောင်ခဲ့တဲ့ စဝ်စိုင်းလုံကို ကျိုင်းတုံဂုဏ်အလင်းဆောင် ရောင်နီဆည်းဆာ အဖြစ် မှတ်တမ်းတင် ဂုဏ်ယူမိပါတယ်။

ဒီ့အပြင် ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၉ ရက်မှာ မိုင်းရယ်စော်ဘွားကြီး(စဝ်ဆေဟုံ- မဟာ‌ဒေဝီ စဝ်ညွန့် ကြည်) တို့ရဲ့ သမီးဦး စဝ်တင်းမိုင်း(ခ) Ellaline Holm က USA, Maryland မှာ ကွယ်လွန်အနိစ္စရောက်သွားတဲ့ နာရေးသတင်းကို ကြားသိရတယ်။ သမိုင်းဝင် ရှမ်းစော်ဘွားနွယ်ဝင် (ကျမိုင်း-င်္ဂမ်မိူင်း) စဝ်တင်းမိုင်းရဲ့ ဆက်စပ် သမိုင်းကို စိတ်ဝင်တစား လက်လှမ်းမှီသလောက်ခြေရာ ကောက်ကြည့်မိပါတယ်။

စဝ်တင်းမိုင်းကို မိုင်းရယ်ကျမိုင်း-အိမ်ရှေ့စံအဖြစ် လူသိများခဲ့တယ်။ သျှမ်းလူမျိုး အမျိုးသမီးတစ်ဦး အဖြစ် စော်ဘွားအရိုက်အရာကို ဆက်ခံရန် လျာထားခံရခြင်းမှာ အလွန်ရှားပါးတဲ့ ဂုဏ်ပုဒ်တစ်ခုဖြစ်တယ်။

ငယ်ဘဝနဲ့ မိသားစုနောက်ခံသမိုင်း

•                မွေးသက္ကရာဇ် – ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်

•                ဖခင် – မိုင်းရယ်ရဲ့ နောက်ဆုံးစော်ဘွား စဝ်ဆေဟုံ (၁၉၄၆-၁၉၅၉) ဟာ မိုင်းရယ်စော်ဘွား မင်းဆက်ရဲ့ အုပ်ချုပ်မှုအာဏာကို ၁၉၅၉ခုနှစ်အထိဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တဲ့ မင်းတစ် ပါး ဖြစ်တယ်။

•                မိခင် – မဟာဒေဝီ စဝ်ညွန့်ကြည်

ငယ်စဉ်ကစဝ်တင်းမိုင်းကို ဟော်နန်းအဝတ်အစားနဲ့တွေ့ရစဉ်

စဝ်တင်းမိုင်းကို စဝ်ဇန့် ယောင်ဟွေနဲ့ အတူတွေ့ရစဉ်(1995-USA)

စော်ဘွားအရိုက်အရာ ဆက်ခံခွင့်နဲ့ ကံကြမ္မာ

•                သျှမ်းပဒေသရာဇ်ခေတ်ကုန်ခါနီးမှာ စဝ်တင်းမိုင်းကို မိုင်းရယ်နယ်ရဲ့ နောင်စော်ဘွား(ကျမိုင်း)အဖြစ် ဆက်ခံရန်လျာထားခြင်းခံခဲ့ရတယ်။

•                သို့ပေမဲ့ သျှမ်းပဒေသရာဇ်စနစ် ပပျောက်ခဲ့တဲ့အတွက် ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ပြီး စော်ဘွားအရိုက်အရာအပ်နှင်းခြင်း မခံခဲ့ရပါ။

•                ၁၉၆၀-၇၀ ပြည့်လွန်နှစ်များအတွင်း သျှမ်းစော်ဘွားမင်းသား/မင်းသမီး မိသားစုအများအပြား နိုင်ငံခြားသို့ ထွက်ခွာခဲ့ကြတယ်။ စဝ်တင်းမိုင်းလည်း အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ် (Maryland)မှာ ပြောင်းရွှေ့အခြေ ချနေထိုင်ခဲ့တယ်။

အမေရိကန်နိုင်ငံမှာ သျှမ်းစာပေထိန်းသိမ်းရေးဆောင်ရွက်ချက်များ

•                အမေရိကန်နိုင်ငံရှိ နိုင်ငံခြားသားများနဲ့ လူငယ်များကို ရှမ်းစကားနဲ့ ရှမ်းစာပေ သင်ကြားပေးခဲ့တယ်။

•                သျှမ်းစာအဘိဓာန်စာအုပ်(၂)အုပ်ကို ပြုစုရေးသား ထုတ်ဝေခဲ့တယ်။

(၁) Shan-English Dictionary by Sao Tern Moeng; publish by Dunwoody press, Kensington, Maryland.U.S.A(1995)

(၂) Shan for English Speakers by Irving I.Glick & Sao Tern Moeng, publisher-Dunwoody press 1st Edition (January 1, 1991).

ဒီ့အပြင် လစဉ်ထုတ် သျှမ်းသံတော်ဆင့်သတင်းဂျာနယ်စာစောင်မှာ စဝ်တင်းမိုင်း ပြုစုထားတဲ့ သျှမ်း ဝေါဟာရအသစ်များကို ထည့်သွင်းဖော်ပြခဲ့တဲ့အကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနကို ဦးစီးတည်ထောင် သူ ဦးခွန်ဆိုင်းက ပြန်လည်ပြောပြခဲ့တယ်။ သျှမ်းစာပေဝေါဟာရကို လေ့လာသူ သျှမ်းပြည်သားများသာမက စဝ်တင်းမိုင်းရဲ့ နိုင်ငံခြား စာသင်သားတွေကိုပါ အထောက်အကူအများကြီးပေးနိုင်ခဲ့တယ်လို့ မှတ်ချက်ပြု ပြောကြားခဲ့တယ်။

Shan for English speakers

ကွယ်လွန်ခြင်းနဲ့အမွေအနှစ်

•                ကွယ်လွန်တဲ့ရက်                    – ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၉ရက် ( အသက်-၈၇နှစ်)

•                ကွယ်လွန်ရာအရပ်                 -အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ် (Maryland, USA)

•                ညီအစ်မ (၈) ယောက်- စဝ်စံဟွန်(ခ)Gladys, စဝ်စံနွန်း(ခ)Charlotte, စဝ်စံဖုန်း(ခ)Fern, စဝ်ဖောင်းခမ်း(ခ)Lorna, စဝ်ဆိုင်မိန်း(ခ)Doretta, စဝ်ဟျိုးဆိုင်(ခ)Jacqueline, စဝ်ဟိန်းဆိုင်(ခ) Teena တို့နဲ့ စဝ်တင်းမိုင်း(ခ)Ellaline Holm က သမီးအကြီးဆုံးဖြစ်တယ်။

•                (၇-၅-၂၀၂၆) ရက်မှာ မိုင်းရယ်စော်ဘွားကြီး (စဝ်ဆေဟုံ + စဝ်ညွန့်ကြည်) တို့ရဲ့ သမီးဦး စဝ်တင်းမိုင်း(ခ) Ellaline Holm အသက် (၈၇) နှစ်ကို ရည်စူးပြီး ကျန်ရစ်သူ ညီမ (၆) ယောက်နဲ့ ဆွေမျိုးများက ပြည်လမ်း၊ ကိုးမိုင်ရှမ်း‌ကျောင်းမှာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြတယ်။

စဝ်တင်းမိုင်းကို ညီအစ်မများနှင့်အတူ တွေ့ရစဉ် (2016-USA)

ကိုးမိုင်ရှမ်းကျောင်း(ရန်ကုန်)တွင် ဆွမ်းကပ်လှူဒါန်းနေစဉ်(၇-၅-၂၀၂၆)

စဝ်တင်းမိုင်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေက အမေရိကန်နိုင်ငံမှာ ရွှေ့ပြောင်းအခြေချ နေထိုင်တဲ့အခါ မှာပင် မိမိရဲ့ ရှမ်းစာပေ၊ ရှမ်းစကား ယဉ်ကျေးမှု အမွေအနှစ်များအတွက် ကွယ်လွန်သွားသည်အထိ မြတ်နိုး ထိန်းသိမ်းခဲ့တဲ့ သက်သေတစ်ခုဖြစ်ခဲ့တယ်။ “မိခင်ရှမ်းစာပေနှင့်စကားကို တတ်တော့ ဘာလုပ်မလဲ? ဘယ်မှာ အသုံးချရမလဲ?” ဆိုတဲ့ ခေတ်သစ်ရှမ်းလူငယ်လူရွယ်တွေရဲ့ အမြင်ကို အလုပ်နဲ့ လက်တွေ့ ပြသနေသလိုပင်။

စဝ်တင်းမိုင်းဘဝဟာ သျှမ်းမင်းဆက်တစ်ခုရဲ့ အရှိန်အဝါကျဆင်းမှုနဲ့ အခက်အခဲတွေကြားမှ အမေရိကန် နိုင်ငံသို့ ရွှေ့ပြောင်းအခြေချသူ တစ်ဦးက မိမိလူမျိုးရဲ့ စာပေနဲ့ဘာသာစကားကို ထိန်းသိမ်းစောင့်ရှောက် ပြီးပြန့်ပွားအောင် စေတနာထား ဆောင်ရွက်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) ရောင်နီဆည်းဆာအဖြစ် ကဗ္ဗည်းမှတ်တမ်း တင်ထိုက်ပါတယ်။

အဆိုပါ ရောင်နီဆည်းဆာများက ထာဝစဉ်ထွန်းလင်းတောက်ပနေမည်သာ။

စိုင်းဆိုင်မုခ်

(စဝ်တင်းမိုင်းကွယ်လွန်ခြင်း(၁)လပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုရေးသားသည်။)

“မိုင်းရယ်(တောင်သိန္ဒီ)နောက်ဆုံးစော်ဘွားကြီး စဝ်ဆေဟုံ+မဟာဒေဝီ စဝ်ညွန့်ကြည်နဲ့ သမီးတော်(၈)ယောက်ပုံ”

“သံလွင်အ‌ရှေ့ပိုင်း ကျိုင်းတုံ ဒေသ အုပ်ချုပ်‌ရေးစနစ်ကောင်းတည်ဆောက်ထားပုံကို  သမိုင်းအထောက်အထားနဲ့တကွ ဒေါက်တာစိုင်းစံ အိုက်က မျှဝေရေးသားထားတဲ့အပြင်”

“လစဉ်ထုတ် သျှမ်းသံတော်ဆင့်သတင်းဂျာနယ်စာစောင်မှာ စဝ်တင်းမိုင်း ပြုစုထားတဲ့ သျှမ်း ဝေါဟာရအသစ်များကို ထည့်သွင်းဖော်ပြခဲ့တဲ့အကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနကို ဦးစီးတည်ထောင် သူ ဦးခွန်ဆိုင်းက ပြန်လည်ပြောပြခဲ့တယ်။”

” “မိခင်သျှမ်းဘာသာစကားများကို တတ်တော့ ဘာလုပ်မလဲ? ဘယ်မှာ အသုံးချရမလဲ?” ဆိုတဲ့ ခေတ်သစ်သျှမ်းလူငယ်လူရွယ်တွေရဲ့ အမြင်ကို အလုပ်နဲ့ လက်တွေ့ ပြသနေသလိုပင်။”

The post ရောင်နီဆည်းဆာများ appeared first on သျှမ်းသံတော်ဆင့်.

ဆက်စပ်သတင်းများ

AI Curated