CNG ယာဥ် မှန်ကန်ကြောင်း အုံနာဘုတ်တွင် ကညန တံဆိပ်တုံးပါမှ သက်တမ်းတိုးပေးမည်

CNG ယာဥ် မှန်ကန်ကြောင်း အုံနာဘုတ်တွင် ကညန တံဆိပ်တုံးပါမှ သက်တမ်းတိုးပေးမည်

DVB
SourceDVB

AI Summary

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် CNG အသုံးပြုယာဉ်များ၏ သက်တမ်းတိုးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ တံဆိပ်တုံးပါရှိသော အုံနာဘုတ်ရှိမှသာ ခွင့်ပြုတော့မည်ဟု ကြေညာခဲ့သည်။ ဇူလိုင် ၁၀ ရက်နောက်ပိုင်းမှစ၍ အဆိုပါတံဆိပ်တုံးမပါရှိသော ယာဉ်များအား CNG သက်တမ်းတိုးပေးမည်မဟုတ်သလို YBS ယာဉ်များအနေဖြင့်လည်း သဘာဝဓာတ်ငွေ့ဝယ်ယူခွင့်စာအုပ်မပါပါက ဓာတ်ငွေ့ဖြည့်သွင်းခွင့်ရမည်မဟုတ်ပေ။ ဤသတ်မှတ်ချက်အသစ်ကြောင့် ယာဉ်ပိုင်ရှင်များမှာ ကညနရုံးသို့ ထပ်မံသွားရောက်ရမည့် အလုပ်ရှုပ်မှုများရှိလာသဖြင့် ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ရန်ကုန်တိုင်းအတွင်းရှိ CNG အသုံးပြုယာဉ်စီးရေ ၃၀,၀၀၀ နီးပါးသည် ဤစည်းမျဉ်းသစ်၏ သက်ရောက်မှုကို ခံစားရမည်ဖြစ်သည်။ လက်ရှိတွင် သတ်မှတ်ရက်ကျော်လွန်ပါက CNG ဖြည့်သွင်းခွင့်နှင့် သက်တမ်းတိုးခွင့်များ ရပ်ဆိုင်းခံရမည့် အခြေအနေတွင် ရှိနေသည်။

Photo : DVB

CNG အသုံးပြုယာဥ်တွေကို အုံနာဘုတ်မှာ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန(ကညန) ရဲ့ ထုနှိပ်ပေးလိုက်တဲ့ တံဆိပ်တုံးနဲ့ မှတ်ပုံတင်ပြီးမှ CNG သက်တမ်းတိုးပေးမယ်လို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက အသိပေးထားပါတယ်။

အဲဒီလို အုံနာဘုတ်မှာ (မော်တော်ယာဥ်မှတ် ပုံတင်စာအုပ်) CNG ယာဥ်ဖြစ်ကြောင်း ကညနရဲ့ တံဆိပ်တုံး ထုနှိပ်မှတ်ပုံတင်ထားရမှာဖြစ်ပြီး ဇူလိုင် ၁၀ ရက်နောက်ပိုင်းမှာ တံဆိပ်တုံးပါတဲ့ ကားတွေကိုပဲ CNG သက်တမ်းတိုးတော့မှာလို့ ဆိုပါတယ်။

အခုလို အုံနာဘုတ်မှာ တံဆိပ်တုံးပါရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် CNG ယာဥ်ပိုင်ရှင်တွေ အနေနဲ့ တုံးထုဖို့အတွက် ကညနရုံးကို ထပ်သွားရမဲ့ အလုပ်ပိုလာတယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

CNG သုံး အငှားယာဥ်ပိုင်ရှင် တယောက်က “လိုင်စင် ဝင်ထားတာမှ မကြာသေးဘူး၊ တုံးထုဖို့ တခေါက်က ထပ်သွားရဦးမယ်။ လိုင်စင် ဘယ်ရက်စဝင်တဲ့ ကားကစပြီး တုံးထုရမယ်ဆိုရင် ရတာပဲ။ နှစ်ပတ်လည်သွားရင် အကုန်ထုပြီးလည်း ဖြစ်သွားမှာကို အားချင်းကြီး အလုပ်ရှုပ်အောင် ထလုပ်တာ” လို့ ပြောပါတယ်။

ဒါ့အပြင် CNG သုံး YBS ယာဥ်တွေကိုလည်း ဇူလိုင် ၁၀ ရက်ကစပြီး မော်တော်ယာဥ်သုံး သဘာဝဓာတ်ငွေ့ဝယ်ယူခွင့်စာအုပ် မပါရင် CNG ဖြည့်သွင်းရောင်းချပေးမှာ မဟုတ်ဘူးလို့ တဆက်တည်း အသိပေးထားပါတယ်။

ရန်ကုန်တိုင်းမှာ CNG အသုံးပြုတဲ့ YBS၊ တက္ကစီနဲ့ လုပ်ငန်းသုံးကားစီးရေ ၃၀,၀၀၀ နီးပါးရှိပြီး အရောင်းဆိုင် ၄၆ ဆိုင်ကနေ တရက်ကို ကုဗပေသန်း ၂၀ နီးပါး ဖြန့်ဖြူးရောင်းချပေးနေတာလို့ ထုတ်ပြန်ချက် မှတ်တမ်းတွေအရ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
CNG ယာဥ် မှန်ကန်ကြောင်း အုံနာဘုတ်တွင် ကညန တံဆိပ်တုံးပါမှ သက်တမ်းတိုးပေးမည် | YGN Daily