
ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်သို့ ချဉ်းကပ်နေပြီး အန္တရာယ်ရှိအဆင့်ထိ မြင့်တက်လာနိုင်
AI Summary
မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပဲခူးမြစ်ရေမှတ်များသည် အန္တရာယ်ရှိသည့် အခြေအနေသို့ သိသိသာသာ ချဉ်းကပ်နေကြောင်း သတိပေးလိုက်သည်။ ဇောင်းတူမြစ်ညာပိုင်းမှ တောင်ကျရေများကြောင့် မြစ်ရေသည် ၂၄ နာရီအတွင်း ၂၂၇ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး ပဲခူးမြို့အောက်ပိုင်းတွင် ရေထပ်မံတိုးလာရန် သေချာနေသည်။ လက်ရှိတွင် စိုးရိမ်ရေမှတ်အောက်၌ ရှိနေသေးသော်လည်း ဇွန်လလယ်ပိုင်းတွင် ရေကြီးသည့်အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့ရေကြီးမှုစောင့်ကြည့်ရေးစနစ်၏ ခန့်မှန်းချက်အရ ဇွန် ၁၄ မှ ၁၆ ရက်အတွင်း ပထမအကြိမ် အမြင့်ဆုံးရောက်ရှိမည်ဖြစ်ပြီး ဇွန် ၁၉ မှ ၂၀ ရက်အတွင်း အလွန်စိုးရိမ်ရသည့် အန္တရာယ်အဆင့်အထိ ထပ်မံမြင့်တက်လာနိုင်သည်။ ထို့ကြောင့် ပဲခူးမြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများအနေဖြင့် လာမည့် ၇ ရက်မှ ၁၄ ရက်အတွင်း ရေဘေးအန္တရာယ်အတွက် ရေလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ ကမ္ဘာ့ရေကြီးမှုစောင့်ကြည့်ရေးစနစ် (GloFAS) တို့ရဲ့ ထုတ်ပြန်ချက်တွေအရ ပဲခူးမြစ်ဝှမ်းအတွင်း မြစ်ရေမှတ်တွေဟာ အန္တရာယ်ရှိတဲ့ အခြေအနေကို သိသိသာသာ ချဉ်းကပ်နေတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဇွန် ၇ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
လက်ရှိမှာ ပဲခူးမြို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အောက်မှာ ရှိနေသေးပေမဲ့ ဇွန် ၆ ရက်က ၂၄ နာရီအတွင်းမှာတင် ရေမျက်နှာပြင်ဟာ ၂၂၇ စင်တီမီတာ(လက်မ ၉၀ လောက်)အထိ အဆမတန် မြင့်တက်လာခဲ့ပြီး၊ ဇောင်းတူမြစ်ညာပိုင်းက တောင်ကျရေတွေကြောင့် ပဲခူးမြို့အောက်ပိုင်းမှာ ရေထပ်မံတိုးလာဖို့ သေချာသလောက် ရှိနေတယ်လို့ ဆိုပါတယ်။
ဇွန် ၇ ရက် ထုတ်ပြန်ချက်အရလည်း ပဲခူးမြစ်ရေဟာ ၂၄ နာရီအတွင်း ၁၇၃ စင်တီမီတာ မြင့်တက်လာပြီး ဒါဟာ တနိုင်ငံလုံး ရှိသမျှမြစ်တွေထဲမှာ အများဆုံး မြင့်တက်တာလည်း ဖြစ်ပါတယ်။
ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၈၈၀ စင်တီမီတာဖြစ်ပြီး လက်ရှိမှာ ၅၇၀ စင်တီမီတာရှိပေမဲ့ နောက် ၂၄ နာရီအတွင်း ၆၂၀ စင်တီမီတာဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ကမ္ဘာ့ရေကြီးမှုစောင့်ကြည့်ရေးစနစ်ရဲ့ ရေရှည်ခန့်မှန်းချက်မော်ဒယ်တွေအရ ပဲခူးမြစ်ရေဟာ ဇွန် ၁၄ ရက်မှ ၁၆ ရက်အတွင်း ပထမအကြိမ် အမြင့်ဆုံးကိုရောက်ရှိပြီး ရေကြီးနိုင်ခြေရှိနေသလို၊ ဇွန် ၁၉ ရက်မှ ၂၀ ရက်အတွင်းမှာလည်း ဒုတိယအကြိမ်အဖြစ် Extreme လို့ခေါ်တဲ့ အလွန်စိုးရိမ်ရတဲ့ အန္တရာယ်အဆင့်အထိ မြစ်ရေ ထပ်မံမြင့်တက်လာနိုင်ကြောင်း ထောက်ပြထားပါတယ်။
ဇွန်လ တတိယပတ်အတွင်း ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်ပြီး ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာ အလွန်မြင့်မားနေတာ ဖြစ်ပါတယ်။
ရေတက်တာဟာ ရုတ်တရက်ပြန်ကျသွားမဲ့ သဘောမရှိဘဲ ဇွန်လလယ်ပိုင်းမှာ ရေကြီးတဲ့အခြေအနေကို ရောက်ရှိသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါကြောင့် ပဲခူးမြစ်ကမ်းဘေးတလျှောက်နဲ့ ပဲခူးမြို့ပေါ်က မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ လာမဲ့ ၇ ရက်ကနေ ၁၄ ရက်အတွင်း ကြုံတွေ့ရနိုင်တဲ့ ရေဘေးအန္တရာယ်အတွက် ရေလွတ်ရာကို ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေ စတင်ဆောင်ရွက်ထားကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။