လူကုန်ကူးခံရသည့် ပအိုဝ်းမိန်းကလေး ၁၄ ဦးအနက် ၁၀ ဦး ထွက်ပြေးလွတ်မြောက်

လူကုန်ကူးခံရသည့် ပအိုဝ်းမိန်းကလေး ၁၄ ဦးအနက် ၁၀ ဦး ထွက်ပြေးလွတ်မြောက်

DVB
SourceDVB

AI Summary

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ တောင်လေးကျေးရွာမှ ပအိုဝ်းမိန်းကလေး ၁၄ ဦးအား လူကုန်ကူးခံရပြီး မူဆယ်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။ အသက် ၁၈ နှစ်မှ ၂၅ နှစ်အရွယ် မိန်းကလေးများကို လားရှိုးမှ ပွဲစားအမျိုးသမီးတစ်ဦးက အလုပ်ကောင်းရမည်ဟုဆိုကာ မတ်လတွင် ခေါ်ဆောင်သွားခြင်းဖြစ်သည်။ မူဆယ်ရောက်သောအခါ ဂိုဒေါင်တစ်ခုတွင် ပိတ်လှောင်ခံရပြီး ဖုန်းနှင့်မှတ်ပုံတင်များ သိမ်းဆည်းခံရကာ တရုတ်ဘက်သို့ ပို့မည်ဟု ကြားသိရသဖြင့် ကြောက်လန့်ခဲ့ကြသည်။ အခွင့်အရေးရသည့်အခါ မိန်းကလေး ၁၀ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ၏ အကူအညီဖြင့် ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့သည်။ သို့သော် ကျန်ရှိနေသေးသည့် မိန်းကလေး ၄ ဦးမှာမူ အဆက်အသွယ်ပြတ်တောက်နေပြီး ပွဲစားများက အခြားနေရာသို့ ပြောင်းရွှေ့ထားသည်ဟု သိရသည်။ လက်ရှိတွင် မိသားစုဝင်များနှင့် ဒေသခံများက ကျန်မိန်းကလေးများကို အမြန်ဆုံးကယ်ဆယ်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများထံ အကူအညီတောင်းခံထားသည်။

မူဆယ်မြို့ကို လူကုန်ကူးခံရတဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ တောင်လေးကျေးရွာက ပအိုဝ်းမိန်းကလေး ၁၄ ယောက်ထဲက ၁၀ ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့ပေမဲ့ ကျန် ၄ ယောက်ကတော့ အခုချိန်ထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အရွယ် အဲဒီ မိန်းကလေးတွေကို လားရှိုးမှာနေတဲ့ ပွဲစားအမျိုးသမီးက အလုပ်ရမယ်ဆိုပြီး မတ်လတုန်းက ရွာကို လာရောက်ခေါ်သွားခဲ့တာပါ။

မူဆယ်ကို ရောက်တဲ့အခါ ဂိုဒေါင်တခုထဲမှာ ပိတ်လှောင်ထားခံခဲ့ရပြီး ဖုန်းတွေနဲ့ မှတ်ပုံတင်တွေလည်း ပွဲစားက သိမ်းထားခဲ့တယ်လို့ လွတ်မြောက်လာသူ မိန်းကလေးတယောက်က ပြောပါတယ်။

“ကျမတို့ကို အလုပ်ရမယ်၊ လစာကောင်းမယ်ဆိုပြီး ခေါ်သွားတာပါ။ မူဆယ်ရောက်တော့ ဂိုဒေါင်ထဲမှာပဲ ထားပြီး အပြင်ထွက်ခွင့်မပေးဘူး။ ဖုန်းတွေနဲ့ မှတ်ပုံတင်တွေကိုလည်း သိမ်းထားတယ်။ တရုတ်ဘက်ကို ပို့မယ်ဆိုတဲ့ စကားတွေ ကြားလာရတော့ အရမ်းကြောက်သွားတယ်။”

ဒါကြောင့် အခွင့်အရေးရတဲ့အချိန် မိန်းကလေး ၁၀ ယောက် ထွက်ပြေးလို့ လွတ်မြောက်ခဲ့တာကြောင့် ကျေးရွာကို အကူအညီတောင်းခံခဲ့ကြပါတယ်။

အဲဒီနောက် တောင်လေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးမင်းနဲ့ ဒေသခံတွေက မူဆယ်အထိ သွားရောက်ကူညီခဲ့ပြီး အဲဒီ ၁၀ ယောက်ကို ဘေးကင်းကင်းနဲ့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ၁၀ ဦး ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ပွဲစားတွေက ဂိုဒေါင်မှာ ကျန်ရှိနေသူတွေကို တခြားနေရာ ပြောင်းရွှေ့ထားတယ်လို သိရပါတယ်။

လက်ရှိမှာတော့ ကျန်တဲ့ မိန်းကလေး ၄ ယောက်နဲ့ အဆက်အသွယ်မရတော့တာကြောင့် မိသားစုဝင်တွေနဲ့ ဒေသခံတွေက အလွန်စိုးရိမ်နေကြပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူတယောက်က “ကျမတို့ ပြန်လွတ်လာလို့ တော်သေးပေမဲ့ ကျန်နေတဲ့ ၄ ယောက်အတွက် စိတ်မချနိုင်သေးဘူး။ သူတို့ကို ဘယ်နေရာ ခေါ်သွားတယ်ဆိုတာ မသိရသလို အဆက်အသွယ်လည်း မရတော့ဘူး။ အမြန်ဆုံး ပြန်တွေ့စေချင်ပါတယ်” လို့ ပြောပါတယ်။

ကျန်ရှိနေတဲ့ မိန်းကလေးတွေကို အမြန်ဆုံးကယ်ဆယ်နိုင်ရေးအတွက် မိသားစုဝင်တွေနဲ့ ဒေသခံတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated