
AI Summary
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ပထမဆုံး အဖွင့်ပွဲစဉ်ကို မက္ကဆီကိုစီးတီးတွင် ကျင်းပခဲ့ရာ ပူးတွဲအိမ်ရှင် မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဂျူလီယန် ကွီနိုနက်စ်နှင့် ရာအူးလ် ဟီမင်နက်ဇ်တို့၏ သွင်းဂိုးများကြောင့် မက္ကဆီကိုအသင်း အဖွင့်လှခဲ့ခြင်းဖြစ်သည်။ ပွဲချိန်အတွင်း တောင်အာဖရိက ကစားသမားနှစ်ဦးနှင့် မက္ကဆီကို ကစားသမားတစ်ဦး စုစုပေါင်း သုံးဦး အနီကတ်ပြသခံခဲ့ရသည်။ မက္ကဆီကိုအသင်းသည် အဖွင့်ပွဲစဉ်တွင် အောင်ပွဲခံနိုင်ခဲ့ပြီး တောင်အာဖရိကအသင်းမှာမူ ရှုံးနိမ့်ခဲ့သည့်အပြင် ကစားသမားအင်အား လျော့နည်းခဲ့သည်။ ဤပွဲသည် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို သုံးနိုင်ငံ ပူးတွဲကျင်းပသည့် ၂၀၂၆ ကမ္ဘာ့ဖလား၏ အစဖြစ်ပြီး နိုင်ငံ ၄၈ သင်း ပါဝင်ယှဉ်ပြိုင်ကာ ပွဲစဉ် ၁၀၄ ပွဲကို တစ်လခွဲကြာ ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးရဲ့ ပထမဆုံး အဖွင့်ပွဲစဉ်ကို မက္ကဆီကိုစီးတီး အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇွန် ၁၁ ရက်က စတင်ယှဉ်ပြိုင်ခဲ့ကစားခဲ့ကြတာမှာ ပူးတွဲ အိမ်ရှင် မက္ကဆီကို အသင်းက တောင်အာဖရိကအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဂျူလီယန် ကွီနိုနက်စ်နဲ့ ရာအူးလ် ဟီမင်နက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ မက္ကဆီကိုအသင်းဟာ တောင်အာဖရိကအသင်းကို အနိုင်ရရှိပြီး အဖွင့်လှခဲ့တာပါ။
ကွီနိုနက်စ်က ၂၀၀၆ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အစောဆုံး အဖွင့်ဂိုးကို ပထမပိုင်းစပြီး ပွဲချိန် ၉ မိနစ်မှာ သွင်းယူခဲ့သလို စိတ်လှုပ်ရှားနေတဲ့ ဟီမင်နက်ဇ်ကလည်း ဒုတိယပိုင်း ၆၇ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တဲ့ သူ့ရဲ့ ကစားသမားဘဝ ပထမဆုံး ကမ္ဘာ့ဖလား သွင်းဂိုးနဲ့ အတူ မက္ကဆီကိုအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲ ဒုတိယပိုင်းမှာတော့ ကစားသမား ၃ ဦး ထုတ်ပယ်ခံခဲ့ရပါတယ်။ တောင်အာဖရိက ကစားသမားတွေဖြစ်တဲ့ ဆီသိုလီနဲ့ ဇဝိန်းတို့ တိုက်ရိုက်အနီကတ်တွေပြသခံခဲ့ရလို့ ၉ ယောက်တည်းနဲ့ ကစားခဲ့ရသလို မက္ကဆီကို ကစားသမား မွန်တက်စ်ကလည်း ပွဲချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ ထုတ်ပယ်ခံရလို့ ၁၀ ယောက်နဲ့ကစားခဲ့ရပါတယ်။
ဒီပွဲကတော့ ၂၀၁၀ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ဆုံတွေ့ခဲ့ဖူးတဲ့ မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ တကျော့ပြန် ပြန်လည်ဆုံတွေ့တဲ့ပွဲလည်း ဖြစ်ပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ မက္ကစီကို ၃ နိုင်ငံ ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးမှာ နိုင်ငံကိုယ်စားပြုအသင်းပေါင်း ၄၈ သင်းအထိ ပါဝင်ယှဉ်ပြိုင်နေကြပြီး ပွဲစဉ်ပေါင်း ၁၀၄ ပွဲနဲ့ တလခွဲကြာ ကျင်းပမှာဖြစ်ပါတယ်။