ကျောက်ဖြူထောင်မှ ပြန်လွတ်လာသူ ၇ ဦးကိုထပ်မံဖမ်းဆီးပြီး  ထောင်ဒဏ် ၁၀ နှစ်ထပ်မံချမှတ်
politics||3 MIN READ

ကျောက်ဖြူထောင်မှ ပြန်လွတ်လာသူ ၇ ဦးကိုထပ်မံဖမ်းဆီးပြီး ထောင်ဒဏ် ၁၀ နှစ်ထပ်မံချမှတ်

Narinjara
SourceNarinjara

AI Summary

ကျောက်ဖြူအကျဉ်းထောင်မှ AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရပြီး လွတ်ရက်စေ့၍ သို့မဟုတ် သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူ ၇ ဦးကို စစ်တပ်က ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထပ်မံတရားစွဲဆိုကာ ဇွန်လ ၈ ရက်နေ့တွင် တစ်ဦးလျှင် ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်ခဲ့သည်။ ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့မှ ဦးကျော်လှအောင်၊ ဦးမြဝင်း၊ ဦးမောင်မဲ၊ ဦးစောရန်နိုင်၊ ဦးသန့်ဇော်လင်း၊ ဦးလမင်းဖြိုးနှင့် ဦးထွန်းမင်းဖြိုးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ယခင်က မတရားအသင်းပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသူများဖြစ်ပြီး၊ ယခုအခါ အထက်အမိန့်အရဟုဆိုကာ ပုဒ်မ ၅၀(ည) နှင့် ၅၂(က) တို့ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို စစ်တပ်က ထောင်ဗူးဝမှာပင် ထပ်မံဖမ်းဆီးကာ ပုဒ်မအသစ်များဖြင့် ထောင်ချခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။ ဤလုပ်ရပ်အပေါ် ဒေသခံများက များစွာရင်နာရပြီး စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့သည်။

AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထောင်ချခံရပြီး ကျောက်ဖြူအကျဉ်းထောင်မှ အာဏာသိမ်း သမ္မတ လွတ်ငြိမ်းခွင့်အပါအဝင် လွတ်ရက်စေ့ပြီးပြန်လွတ်လာသူ ၇ ဦးကို အာဏာသိမ်းစစ်တပ်ကထောင်ဗူးဝမှာပြန်လည်ဖမ်းဆီးကာ ထပ်မံတရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

၎င်းတို့မှာကျောက်ဖြူမြို့၊စေတီတောင်ရပ်ကွက်မှဦးကျော်လှအောင်၊ တောင်ရင်းရပ်ကွက်မှ ဦးမြဝင်း (၄၆) နှစ်၊အလယ်ပိုင်းရပ်ကွက်မှ ဦးမောင်မဲ (၆၈) နှစ် နှင့် ဦးစောရန်နိုင် (၃၉) နှစ် ၊ကုလားဘာတောင်ရပ်ကွက်မှ ဦးသန့်ဇော်လင်း (ခ) အညာသား (၄၅) နှစ်၊ ဦးလမင်းဖြိုး(၃၈) နှစ်နှင့် ဦးထွန်းမင်းဖြိုး (၃၄ နှစ်)တို့ ဖြစ်ကြသည်။

သူတို့ကို  ဇွန်လ ၈ ရက်နေ့တွင်ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်ကြောင်း ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။

“လွတ်ရက်စေ့လို့တချို့က လွတ်ရက်စေ့ခါနီး သမ္မအမိန့်နဲ့ ပြန်လွတ်လာပြီးမှထောင်ဝမှာတင် ထပ်ဖမ်းခံရတယ်။ တချို့က ထောင်သက်တမ်းစေ့ပြီး လွတ်လာပြီးမှ ထပ်ဖမ်းခံပြီး မတရား တရားစွဲပြီး အခုလိုနှစ်ရှည်ထောင်ဒဏ်တွေထပ်ချတာပါ။ ဒီအပေါ် အများကြီး ရင်နာရတယ်။စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောသည်။

၄င်းတို့သည် ဧပြီလ ၁၇ ရက်နှင့်  ၃၀ ရက်တို့တွင် ကျောက်ဖြူအကျဉ်းထောင်မှ ပြန်လွတ်လာခဲ့သော်လည်း ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးခံခဲ့သည်။

ဦးသန့်ဇော်လင်း ၊ ဦးလမင်းဖြိုးနှင့် ဦးထွန်းမင်းဖြိုးတို့သည် နိုင်ငံတော်သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာခြင်းဖြစ်ပြီး ကျန်လေးဦးမှာ လွတ်ရက်စေ့၍ ပြန်လည် လွတ်မြောက်လာသူများဖြစ်ကြောင်း သိရသည်။

သူတို့ကို ကျောက်ဖြူမြို့ မြို့မရဲစခန်းမှူးမှ ကျောက်ဖြူထောင်ဗူးဝတွင် လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အထက်အမိန့်အရဆိုကာကျောက်ဖြူ ခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၀(ည)နှင့် ၅၂ (က) တို့ဖြင့် အမှုဖွင့်ပြီး ကျောက်ဖြူထောင်သို့ပြန်ပို့ခဲ့ကြခြင်း ဖြစ်သည်။

သူတို့ကို အာရက္ခတပ်တော်(AA) အား ဆက်သွယ်လုပ်မှုအပါအဝင် ကူညီ ထောက်ပံ့မှုများပြုလုပ်သည်ဟု စွပ်စွဲပြီး စစ်တပ်ကဖမ်းဆီးပြီးမတရားအသင်းပုဒ်မ၁၇(၁)ဖြင့် တရားစွဲဆိုကာ အမြင့်ဆုံးထောင်ဒဏ် (၃)နှစ်ချမှတ်ခံထားရသူများဖြစ်ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိအကျဉ်းထောင်အသီးသီးတွင် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသားများကို အာဏာသိမ်းစစ်တပ်က ထောင်ဗူးဝမှာပင်ထပ်မံဖမ်းဆီးကာ ပုဒ်မအသစ်များဖြင့် အမှုဖွင့်ထောင်ချခြင်းများ ဆက်တိုက်ပြုလုပ်နေသည်ဟု သိရသည်။

Photos- MOI


ရေးသားသူ - ပိုးဝါ၊ နိရဥ္စရာ၊ ဇွန်လ ၉/၂၀၂၆

ဆက်စပ်သတင်းများ

AI Curated
ကျောက်ဖြူထောင်မှ ပြန်လွတ်လာသူ ၇ ဦးကိုထပ်မံဖမ်းဆီးပြီး ထောင်ဒဏ် ၁၀ နှစ်ထပ်မံချမှတ် | YGN Daily