
မဟာအောင်မြေ ကျောက်ဝိုင်းအနီးက အခန်း ၁၇၀ ကျော်ကို စစ်တပ်က အဓမ္မဖယ်ရှား
AI Summary
မန္တလေး၊ မဟာအောင်မြေ ကျောက်ဝိုင်းနား ဆိုင်ခန်း/တိုက်ခန်း ၁၇၀ ကျော် မေလကုန် ဖယ်ရှားခိုင်း။ အာဏာပိုင်များ အားကစားကွင်းဘေး စီမံကိန်းလုပ်ရန်။ နေထိုင်သူများ နစ်နာ၊ ကြောက်ရ။

မန္တလေးတိုင်း၊ မဟာအောင်မြေ ကျောက်ဝိုင်းနားက ဆိုင်ခန်းနဲ့ တိုက်ခန်း ၁၇၀ ကျော်ကို စစ်အာဏာရှင်လက်အောက်ခံ အာဏာပိုင်တွေက ဒီလအကုန် ဖယ်ရှားခိုင်းတာကြောင့် ကျောက်ဝိုင်း တိုက်ခန်းတွေ မေ ၂၉ ရက်မှာ အပြီးရွှေ့ပေးလိုက်ရပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဒေးဝန်းအရှေ့ရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် ၂၈၃၊ မြေကွက်အမှတ် ၂-က၊ မြို့နယ်အားကစားကွင်း ဘေးပတ်လည်က ဆိုင်ခန်းနဲ့ လူနေတိုက်ခန်း ၁၇၂ လုံးကို မေလကုန်အပြီး ဖယ်ရှားပေးဖို့ အုပ်ချုပ်ရေးက ညွှန်ကြားထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဖယ်ရှားခိုင်းတဲ့အထဲ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ကုန်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ အပါအဝင် လူနေအိမ်ခန်းတွေလည်း ပါဝင်ပါတယ်။
ဆိုင်ခန်းရှင်တချို့က အယူခံဝင်ခဲ့ပေမဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။
မန္တလေးမြို့ခံတယောက်က “ဖယ်ခိုင်းတာတွေ အားလုံးပဲ။ အဲဒါတွေက ကိုယ်ပိုင်တွေပဲ။ လမ်းနဲ့ မလွတ်တာလည်း မဟုတ်ဘူး။ လမ်းနဲ့လည်း လွတ်တာပဲ။ ကျောက်ဝိုင်းနားမှာ ဘောလုံးကွင်းရှိတယ်။ အဲဒီဘောလုံးကွင်းနဲ့ စီမံကိန်းလို့တော့ ပြောတယ်၊ ဘာမှန်းတော့ မသိဘူး။ အဲဒါ အကုန်လုံး ရွှေ့ခိုင်းလို့ ရွှေ့နေရတာ။ ကြောက်ကြောက်နဲ့ ရွှေ့ရတာပါပဲ” လို့ ပြောပါတယ်။
ဖယ်ရှားခိုင်းတဲ့ နေရာမှာ စစ်အာဏာရှင်အစိုးရရဲ့ အားကစားနဲ့ ကာယပညာဦးစီးဌာနနဲ့ မန္တလေးတိုင်း အစိုးရတို့ ပူးပေါင်းပြီး စီမံကိန်းဖော်ဆောင်ဖို့ ရှိနေတာလို့ သတင်းထွက်နေပေမဲ့ သက်ဆိုင်ရာက အသိပေးတာ၊ ရှင်းလင်းပြောကြားတာတွေ မရှိဘူးလို့လည်း ဆိုင်ခန်းရှင်တွေဆီက သိရပါတယ်။
ဆိုင်ခန်းရှင်တွေနဲ့ နီးစပ်သူတယောက်ကလည်း အခုလို ရွှေ့ပြောင်းရတာတွေကြောင့် နစ်နာတာတွေ ရှိတယ်လို့ ဆိုပါတယ်။
မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတယောက်က “ရွှေ့ရတဲ့အတွက် နစ်နာတာကတော့ သိန်းပေါင်းထောင်ပေါင်း၊ သောင်းပေါင်းတောင် ရှိတယ်။ ကျောက်လုပ်တဲ့ ဆိုင်တွေဆိုရင်၊ ကျောက်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ပေါ့၊ အဲဒါတွေလည်း အကုန်ရွှေ့ရတာလေ။ ကျောက်ဝိုင်းရဲ့ မြောက်ဘက်မှာ ဘောလုံးကွင်းရှိတာ၊ အဲဒီဘောလုံးကွင်းဘေးကဟာ အကုန်ရွှေ့ရတာ။ အာဏာနဲ့ ခြိမ်းခြောက်ပြီး ရွှေ့ခိုင်းတာလေ” လို့ ပြောပါတယ်။
အားကစားကွင်းပတ်လည်က ဆိုင်ခန်းနဲ့ တိုက်ခန်းတွေကို မေ ၂၈ နဲ့ ၂၉ ရက်နေ့မှာ အပြီးဖယ်ရှား ရှင်းလင်းခဲ့တယ်လို့လည်း တိုက်ခန်းမှာနေထိုင်သူတွေက ဆိုပါတယ်။
နေထိုင်သူတွေဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်က အားကစားဝန်ကြီးဌာနဆီကနေ နှစ် ၃၀ ဂရမ်နဲ့ ဝယ်ယူနေထိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ သက်တမ်းအရ အချိန်ပြည့်နေပြီး ဆက်လက်သက်တမ်းတိုးခွင့် မပြုတော့ဘူးလို့လည်း သိရပါတယ်။
မန္တလေးမြို့ခံတယောက်က “ဒီခေတ် ဒီအခါကြီးကတော့ တော်လှန်ရေးကြီး မအောင်မြင်မချင်း ကတော့ သူတို့ ထင်သလိုလုပ်၊ သူတို့ကြီးစိုးတဲ့ နယ်မြေတွေကို သူတို့ကပဲ သူတို့လုပ်ချင်သလို လုပ်မှာပဲ။ ဒီတော်လှန်ရေးကြီးကို အမြန်ဆုံး အောင်မြင်စေချင်ပြီပေါ့လေ။ အောင်မြင်မှပဲလည်း အခုဟာက ပြောရမယ်ဆိုရင် နေလို့သာနေ၊ စားလို့သာ စားနေရတာ၊ အမြဲတမ်းပဲ ကျီးလန့်စာ စားနေရသလို စိုးထိတ်နေရတယ်၊ ကြောက်နေရတယ်။ ဘယ်အချိန် ဘယ်လုပ်မလဲဆိုတာ အမျိုးမျိုးပဲ ကြောက်နေကြရတာ” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်စုဟာ ရန်ကုန်နဲ့ မန္တလေးက နေရာတချို့မှာ ကျူးကျော်ဆိုပြီး အင်အားသုံး ဖယ်ရှားရှင်းလင်းတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။
ဒါပေမဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေကို ပြန်လည်နေရာချထားပေးရေး အစီအစဉ်တွေနဲ့ လျော်ကြေးငွေ ပေးအပ်တဲ့ အစီအစဉ်ကိုတော့ လက်ရှိအချိန်ထိ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိပါဘူး။
၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းကလည်း မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်း ရပ်ကွက်မှာရှိတဲ့ နေအိမ်အလုံး ၃၀၀ ကျော်ကို စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဘူဒိုဇာနဲ့ ထိုးဖျက်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
မြတ်သဇင်