
စစ်အာဏာရှင်သမ္မတ၏ ခရီးစဉ်က အိန္ဒိယ၏ ရပ်တည်ချက် အပြောင်းအလဲလား
AI Summary
မင်းအောင်လှိုင် အိန္ဒိယခရီး မေ ၃၁/ဇွန် ဖြစ်နိုင်။ အိန္ဒိယ မူဝါဒ ပြောင်း၊ စီမံကိန်း လုံခြုံရေး လို။ NUG ကန့်ကွက်၊ ပြည်သူ ဆန္ဒ ဆန့်ကျင်။

စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ဟာ လာမဲ့ မေ ၃၁ ရက် ဒါမှမဟုတ် ဇွန်လထဲမှာ ဖြစ်လာနိုင်တယ်လို့ အိန္ဒိယဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာဘက်ကရော အိန္ဒိယဘက်ကပါ တရားဝင်ကြေညာတာ မရှိပေမဲ့ သံတမန်တွေကတော့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဂါယာကနေတဆင့် ဒေလီကို သွားရောက်မှာဖြစ်တယ်လို့ ပြောနေကြပါတယ်။
အိန္ဒိယမှာ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာစစ်အာဏာရှင်သမ္မတရဲ့ ပထမဆုံးခရီးစဉ် ဖြစ်လာနိုင်သလို အရင်က အဆင့်လျှော့ချဆက်ဆံခဲ့တဲ့ အိန္ဒိယရဲ့ မူဝါဒဟာလည်း အပြောင်းအလဲ ရှိလာနိုင်တယ်လို့ လေ့လာသူတချို့က သုံးသပ်ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအရေးကို အိန္ဒိယ-ပစိဖိတ်ဒေသ လုံခြုံရေးအတွက် အရေးပေါ်ကိစ္စအဖြစ် ကိုင်တွယ်ဖို့ အိတ်ဖွင့်စာပေးပို့ခဲ့တဲ့ India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါက အခုလို မှတ်ချက်ပြုပါတယ်။
“အိန္ဒိယရဲ့ စီမံကိန်းတွေက တော်လှန်ရေးအင်အားစုတွေအောက်ကို အကုန်ရောက်နေသလို ဖြစ်တယ်။ ပြီးတော့ ဒီ ပြည်တွင်းငြိမ်းချမ်းရေးပေါ့၊ အဓိက ၃ နိုင်ငံ အဝေးပြေးလမ်းမကြီး ကိစ္စမျိုး ဆိုရင်လည်း ငြိမ်းချမ်းရေးမရှိဘဲနဲ့ မဖြစ်ဘူးဆိုတဲ့ အနေအထား ဖြစ်တဲ့အခါကျတော့ ဒါတွေ ဒီကိစ္စပါမယ်။ ပြီးတော့ ဒေသတွင်း တည်ငြိမ်ရေး ကိစ္စမျိုးလည်း ဖြစ်တယ်။ ဆိုတော့ အခု ဒီရက်ပိုင်းမှာပဲ QUAD အစည်းအဝေးမျိုးလည်း ရှိတဲ့အခါကျတော့ QUAD အကြီးအကဲတွေထံ ဆွေးနွေးချက်ကနေ ပေးချင်တဲ့ message ဟာမျိုးများ ရှိတာလား ဆိုတဲ့ဟာလည်း တဖက်မှာလည်း ကျနော်တို့ စဉ်းစားစရာရှိတာပေါ့နော်။ သေချာတာတခုကတော့ ဒေသတွင်းလုံခြုံရေး၊ ငြိမ်းချမ်းရေး ပြီးတော့ နယ်စပ်လုံခြုံရေးကိစ္စကတော့ ပါမှာ သေချာပါတယ်။”
အိန္ဒိယဟာ စစ်အာဏာရှင်အတွက် အဓိက လက်နက်နဲ့ စစ်ဘက်နည်းပညာ ပံ့ပိုးပေးတဲ့ အိမ်နီးချင်း နိုင်ငံကြီး ဖြစ်ခဲ့သလို သူတို့ရဲ့ အရှေ့မြောက်ပြည်နယ်တွေနဲ့ ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်ဖို့အတွက် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပြန်ပြီးကောင်းမွန်နိုင်ဖို့ လိုလားနေပုံရပါတယ်။
ဒါကြောင့် အခုခရီးစဉ်မှာ တိုက်ပွဲနဲ့ စစ်ကြောင်းထိုးမှုတွေရှိနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်ထဲက စစ်ရေးအခြေအနေတွေကို ထည့်သွင်းဆွေးနွေးလာနိုင်တယ်လို့ မြန်မာ့စစ်ဖက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ပြောခွင့်သူရသူ ကိုနောင်ရိုးက ထောက်ပြပါတယ်။
“သမ္မတရားထူး ရယူထားတဲ့ မင်းအောင်လှိုင်အနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စမှာ အထူးသဖြင့် အာရက္ခတပ်တော်ရဲ့ ကုန်သွယ်ထောက်ပို့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့၊ ကန့်သတ်ရေးမှာ အိန္ဒိယဘက်ကို တောင်းဆိုလာနိုင်တယ်လို့ ကျနော်တို့ ယူဆတယ်ပေါ့နော်။ နောက်တခုကတော့ ချင်းပြည်နယ်နဲ့ နိုင်ငံနယ်စပ်ကုန်သွယ်ရေးနဲ့ နယ်စပ်လုံခြုံရေး ကဏ္ဍတွေမှာလည်း အိန္ဒိယနဲ့ အသွင်ပြောင်းအစိုးရကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးတော့ ရှိလာနိုင်တဲ့ အနေအထားလို့ ကျနော်တို့ ယူဆတယ်ပေါ့နော်။ ဒါဆိုရင်တော့ တော်လှန်ရေးအင်အားစုတွေအတွက် အိန္ဒိယအစိုးရရဲ့ ရပ်တည်ချက် အနေအထားတွေနဲ့ အခက်အခဲတွေလည်း ရှိကောင်းရှိလာနိုင်တယ်။”
အိန္ဒိယအနေနဲ့ သူတို့ရဲ့ စီမံကိန်းတွေ တော်လှန်ရေးအင်အားစုတွေလက်ထဲ ရောက်ရှိနေတာကြောင့် နယ်စပ်တည်ငြိမ်ရေးအတွက် စစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားလာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုထိတွေ့ဆက်ဆံမှုဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ လုံးဝဆန့်ကျင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က တုံ့ပြန်ပါတယ်။
NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အိန္ဒိယမှ မဟုတ်ပါဘူးနော်၊ ဘယ်နိုင်ငံမဆို ဒီ မင်းအောင်လှိုင်ကို ဖိတ်ကြားတာ၊ ဆက်ဆံတာ၊ ပူးပေါင်းဆောင်ရွက်တာ ဒါတွေအကုန်လုံးဟာ သေချာတာကတော့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ လုံးဝ ဆန့်ကျင်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ နောက်ပြီးတော့ လက်ရှိ မင်းအောင်လှိုင်ဟာ စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ထားတဲ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ များစွာကိုလည်းပဲ မတရားဖမ်းဆီး အကျဉ်းချထားတဲ့ စစ်ရာဇဝတ်ကောင်တွေ ဖြစ်တယ်။ ဒါတွေကို မျက်ကွယ်ပြုပြီးတော့ ကိုယ်ကျိုးစီးပွားတခုတည်းကို ကြည့်ပြီး မင်းအောင်လှိုင်နဲ့ ဆက်ဆံရေး ထူထောင်တယ်၊ မင်းအောင်လှိုင်နဲ့ ပတ်သက်တယ်ဆိုရင် အဲဒီ ပတ်သက်တဲ့နိုင်ငံဟာ မြန်မာပြည်သူလူထုရဲ့ သဘောထားဆန္ဒတွေကို မျက်ကွယ်ပြုတာပဲ၊ လျစ်လျူရှုတာပဲလို့ ပြောရမှာ ဖြစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။
ဒါ့အပြင် NUG အစိုးရအနေနဲ့ တော်လှန်ရေးရည်မှန်းချက် ၆ ချက်ကို ချမှတ်ထားပြီး အဲဒီ ၆ ချက်ကို မရမချင်း စုစည်းညီညွတ်စွာနဲ့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမှာလို့လည်း ပြောပါတယ်။
စစ်အာဏာရှင်ရဲ့ အိန္ဒိယခရီးစဉ်ဟာ ဒေသတွင်း မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေ ပါဝင်နိုင်ပေမဲ့ တဖက်မှာလည်း မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီတောင်းဆိုမှုတွေနဲ့ တော်လှန်ရေး အရှိန်အဟုန်ကြား အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အကျပ်အတည်းသစ်တွေနဲ့ ရင်ဆိုင်ရနိုင်ဖွယ် ရှိနေပါတယ်။
စိုးသူအောင်