ဝင်းဝ စခန်းအနီး၌ တိုက်ပွဲ ပြင်းထန်ဖြစ်ပွား
politics||2 MIN READ

ဝင်းဝ စခန်းအနီး၌ တိုက်ပွဲ ပြင်းထန်ဖြစ်ပွား

Back to News

AI Summary

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ ဝင်းဝတပ်စခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ အဆိုပါတိုက်ပွဲသည် ဝင်းဝစခန်းမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး မင်းဒပ်နှင့် သီကုန်းရွာအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ တိုက်ပွဲများကြောင့် အနီးအနားရှိ ကျေးရွာနေပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ လက်ရှိတွင် တိုက်ပွဲများမှာ ညနေပိုင်း၌ တကျော့ပြန်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေကိုမူ မသိရှိရသေးပေ။ ယခင်က သိမ်းပိုက်ခံခဲ့ရသည့် ဝင်းဝစခန်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားပြီးနောက် ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။

ထင်ရှားသော ပြောကြားချက်များ

"စစ်တပ်က မင်းဒပ် ဝင်းဝစခန်းဘက်ကနေ ထွက်လာတာပါ။ အောက်ဖက်က ရွာတွေကတော့ ထွက်ပြေးတဲ့သူ ပြေးကုန်ပြီဗျ။ လက်နက်ကြီးသံတွေလည်း ဆက်တိုက်ပဲ။ နှစ်ဖက်ပစ်ခတ်တာ တော်တော်ကြမ်းနေပါတယ်"

YT (ဇွန် ၁၅)

မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အမှတ် (၈) ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဝင်းဝတပ်စခန်းအနီး၌ တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ (ဇွန်လ ၁၅ ရက်) နံနက်အစောပိုင်းကစ၍ ဝင်းဝတပ်စခန်းဘက်မှ ထွက်လာသည့် စစ်အုပ်စုတပ်စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များအကြား မင်းဒပ်ရွာနှင့် သီကုန်းရွာအကြား၌ တိုက်ပွဲများဖြစ်ပွားနေခြင်းဟု သိရသည်။

“ စစ်တပ်က မင်းဒပ် ဝင်းဝစခန်းဘက်ကနေ ထွက်လာတာပါ။ အောက်ဖက်က ရွာတွေကတော့ ထွက်ပြေးတဲ့သူ ပြေးကုန်ပြီဗျ။ လက်နက်ကြီးသံတွေလည်း ဆက်တိုက်ပဲ။ နှစ်ဖက်ပစ်ခတ်တာ တော်တော်ကြမ်းနေပါတယ်” ဟု မင်းဒပ်ရွာခံတဦးက ယနေ့နံနက် ၉ နာရီခွဲခန့်က ပြောသည်။

တိုက်ပွဲသည် နံနက်ပိုင်း ၉ နာရီခွဲဝန်းကျင်က တကြိမ် ရပ်တန့်သွားခဲ့ပြီးနောက် ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် တကျော့ပြန်တိုက်ပွဲ ထပ်ဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်မှု အခြေအနေများအား မသိရသေးပါ။

ဝင်းဝတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိုစခန်းပြန်ရရေး စစ်အုပ်စုတပ်က မြေပြင်စစ်ကြောင်း၊ ပင်လယ်ပြင်ရှိ စစ်သင်္ဘော၏ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းမှ Y-12၊ K8W တို့ဖြင့် နေ့ညမပြတ် ထိုးစစ်များဖြင့် မတ်လ ၃၁ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်သွားခဲ့သည်။

ထို ဝင်းဝစခန်းသိမ်းတိုက်ပွဲအတွင်း မင်းဒပ်၊ ဂုံညင်းဆိပ် အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated