ကျောက်ဖြူ တောင်မော်ဦးရေတပ်အနီး ကာကင်းစခန်း ၄ ခုကို AA သိမ်းပိုက်
politics||7 MIN READ

ကျောက်ဖြူ တောင်မော်ဦးရေတပ်အနီး ကာကင်းစခန်း ၄ ခုကို AA သိမ်းပိုက်

AI Summary

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦး ရေတပ်စခန်းအနီး စစ်တပ်၏ ကာကင်းစခန်း လေးခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီး ရွာဟောင်းတောင် ကာကင်းစခန်းပတ်ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်နေပါသည်။ AA သည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို သိမ်းပိုက်ရန် ရည်မှန်းထားပြီး လက်ရှိတွင် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီဖြစ်သည်။ စစ်တပ်ဘက်ကမူ ဗျူဟာမြောက် အရေးပါသည့် တောင်မော်ဦး ရေတပ်စခန်းနှင့် ကျောက်ဖြူမြို့ကို ကာကွယ်ရန် ကြည်း၊ ရေ၊ လေ ပစ်ကူများဖြင့် အင်အားဖြည့်တင်း ခုခံနေပါသည်။ ဤတိုက်ပွဲများကြောင့် ဒေသခံ ၈,၀၀၀ ခန့် စစ်ဘေးရှောင်နေရပြီး မိုးရာသီတွင် နေထိုင်ရေးနှင့် ရိက္ခာအခက်အခဲများ ကြုံတွေ့နေရပါသည်။ စစ်တပ်၏ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေပြီး၊ ဇွန်လ ၁ ရက်နေ့က ရမ်းဗြဲမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို ဗုံးကြဲမှုကြောင့် နှစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့ပါသည်။ AA က ၎င်းတို့၏ ရည်မှန်းချက် ရာနှုန်းပြည့် အောင်မြင်ရန် လက်တစ်ကမ်းအလို ရောက်ရှိနေပြီဟု ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းအနီးရှိ စစ်တပ် ကာကင်းစခန်း လေးခုကို အာရက္ခ တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီး လက်ရှိတွင် ရေတပ်စခန်းနှင့် ၅ ဖာလုံခန့် အကွာရှိ ရွာဟောင်းတောင် ကာကင်းစခန်းပတ်ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

ကျောက်ဖြူမြို့အရှေ့ဘက် ၁၇ မိုင်ခန့်အကွာရှိ စစ်တပ်၏ ကာကင်းစခန်းများဖြစ်သည့် စံပယ်ရှောင်ကုန်း၊ ဒွေးချကုန်း၊ မျှော်ချောင်းကုန်းစသည့် စခန်းသုံးခုနှင့် အခြားကာကင်းစခန်း တစ်ခုတို့ကို ယခုလ ပထမပတ်အတွင်း AA က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

ယခု ရွာဟောင်းတောင် ကာကင်းစခန်းကို AA က ထိုးစစ်ဆင်နေရာ ထိုကာကင်းစခန်းကျလျှင် တောင်မော်ဦး ရေတပ်စခန်းအခြေစိုက် စစ်အာဏာရှင်တပ်သားများအတွက် အလားအလာမကောင်းဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

“အဲဒီကုန်း(ရွာဟောင်းတောင်) ကျသွားရင် (စစ်အာဏာရှင်တပ်သားများ တောင်မော်ဦး ရေတပ်စခန်းကနေ) ပြေးရတော့မယ်။ အဲဒီကုန်းလည်း မကြာခင်ကျတော့မယ်နဲ့ တူတယ်။ အစက ရွာဟောင်းတောင်ကုန်း မပါဘဲနဲ့ သူတို့(စစ်အာဏာရှင်တပ်)နေတဲ့ ကုန်းလေးခုလောက်ရှိတယ်။ ရွာဟောင်းတောင်ကို ဝိုင်းဖို့အတွက် AA က အဲဒီကုန်းတွေကို ထိုး(တိုက်)ပစ်လိုက်ပြီ” ဟု ပြောသည်။

ကျောက်ဖြူမြို့ အရှေ့ဘက် မိုင် ၃၀ ကျော်အကွာရှိ AA ထိန်းချုပ်ထားသော စနဲမြို့ကို ပြန်လည် ထိန်းချုပ်ရန်နှင့် ကျောက်ဖြူ- တောင်ကုတ်၊ ကျောက်ဖြူ- ရမ်းဗြဲ သုံးခွဆုံလမ်းမကြီးကို ဖြတ်တောက်ရန် တောင်မော်ဦးရေတပ်စခန်းအထိုင် စစ်တပ်က ကြိုးပမ်းနေသည်။ ယင်းအပြင် AA ကလည်း တောင်မော်ဦး ရေတပ်စခန်းကို သိမ်းယူရန် ကြိုးပမ်းနေသည်ဟုလည်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“အဲဒီလမ်းကို ပိတ်ဆို့နိုင်ရင် ကျောက်ဖြူဘက်ကို ထောက်ပို့လမ်းကြောင်း ဖြတ်နိုင်မယ်လို့ တွေးနိုင်ပါတယ်။ အဓိက အဲဒီလမ်းက ကျွန်တော်တို့ကျောက်ဖြူဘက်ရဲ့ အဓိကလမ်းမကြီးပါ။ AA ကလည်း အဲဒီလမ်းကို ပေးလို့မရပါ။ အဲဒီလမ်းကို ပေးလိုက်ရင် ဆုံးရှုံးမှုတွေအများကြီးပါ။ အဲဒါကြောင့် တောင်မော်ဦး ရေတပ်စခန်းကို ရအောင်သိမ်းမယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်တပ်သည် ဗျူဟာအရ အရေးပါသော ရွာဟောင်းတောင် ကာကင်းစခန်း မဆုံးရှုံးစေရန် ​ကျောက်ဖြူမြို့ အရှေ့ဘက် သံဇာစ်မြစ်အတွင်းရှိ စစ်ရေယာဥ်များက လက်နက်ကြီး ပစ်ကူပေးသည့်အပြင်  လေကြောင်းတိုက်ခိုက်ခုခံခဲ့သည်ဟုလည်း အခြားဒေသခံတစ်ဦးက ပြောသည်။

“အဲဒီတောင် (ရွာဟောင်းတောင်ကာကင်း)ဟာ ဗျူဟာမြောက်၊ လေးဘက်လေးစီး(တန်)ကို ကြည့်လို့မြင်ရတယ်။ စနဲနဲ့ တောင်မော်ဦးကြားထဲမှာ ရှိတာပါ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရွာဟောင်းတောင်ရွာနှင့် ကပ်လျက်ရှိသော အဝတောင်ကျေးရွာအနီး၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်နေသည်ဟု အမည်မဖော်လိုသည့် AA အရာရှိတစ်ဦးက ပြောသည်။

AA နှင့် နီးစပ်သော Arakan Princess Media ကလည်း မေလ ၂၈ ရက်၊၂၉ ရက်၊ ၃၀ ရက်တို့တွင် စနဲမြို့ကို သိမ်းပိုက်ရန်လာသော စစ်ကြောင်းနှင့်တိုက်ပွဲဖြစ်ပွားရာ အာဏာသိမ်းစစ်တပ်ဘက်က  ၄၀ ဦးထက်မနည်းသေဆုံးသွားပြီး အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဇွန်လ ၂ ရက်တွင် ရေးသားထားသည်။ သို့သော် Myanmar Now က သီးခြားအတည်ပြုချက် မရယူနိုင်ပါ။

ထိုစစ်ကြောင်းတွင် တပ်မ ၁၁ လက်အောက်ခံ ခမရ (၂၁၂)၊ ခမရ (၂၁၃)၊ ခမရ (၂၁၉) တပ်ရင်းများမှ ထုတ်နုတ်အင်အား စုစုပေါင်း (၄၀၀) ကျော်ပါဝင်ပြီး ကြည်း၊ ရေ၊ လေ ပစ်ကူအများအပြားသုံး၍ တောင်မော်ဦး ရေတပ်စခန်းဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်တပ်သည် တရုတ်စီးပွားရေးလုပ်ငန်းများရှိနေသည့် ကျောက်ဖြူမြို့ မကျစေရန် စစ်အင်အား အလုံးအရင်း ဖြည့်တင်းနေသည်။ မေလ ၄ ရက်တွင်လည်း တောင်မော်ဦး ရေတပ်စခန်းနှင့် ဓညဝတီရေတပ်စခန်းတို့ကို အင်အား ၃၀၀ ခန့်စစ်ကူပို့ခဲ့ပြီး  ဧပြီလ နောက်ဆုံးပတ်ကလည်း လူအင်အား၊ လက်နက်အင်အားအများအပြား ဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

တောင်မော်ဦး ရေတပ်စခန်းအနီး ဖြစ်နေသည့်တိုက်ပွဲများကြောင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၈၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်ဟုလည်း သိရသည်။ မိုးဦးရာသီဖြစ်သောကြောင့် ထိုစစ်ရှောင်များ နေထိုင်ရေး အခက်အခဲဖြစ်နေသည့်အပြင် ရိက္ခာလည်း လွန်စွာခက်ခဲနေသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

“အခက်အခဲကတော့ သူတို့မှာ မိုးရာသီလယ်လုပ်ဖို့ ပြင်ဆင်ထားတာတွေ၊ နောက်ထပ် အိမ်မှာထားခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဝက်၊ ကြက် အစစအရာရာ တော်တော်များများ ကျန်ခဲ့ကြတယ်။ အဝတ်တစ်ထည် ကိုယ်တစ်လုံးနဲ့ ထွက်ပြေးလာရတော့ ကျွန်တော်တို့စားဖို့သောက်ဖို့တော့ အဆင်ပြေအောင် လုပ်တော့ လုပ်ပေးထားပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ အများကြီးရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ဓညဝတီရေတပ်စခန်းအနီးတွင်မူ ယခင်ကကဲ့သို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခြင်း မရှိသော်လည်း ထိတွေ့တိုက်ပွဲများ မကြာခဏရှိနေပြီး လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိနေသည်။

ဇွန်လ ၁ ရက်တွင်လည်း ရမ်းဗြဲမြို့နယ် ကြောင်ချတွင်း စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကြဲရာ စစ်ဘေးရှောင် နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရသည်။

AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့တို့ကို သိမ်းပိုက်ထားသည်။ ထို့အပြင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။

AA သည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို သိမ်းပိုက်ရန် ကြွေးကြော်ထားပြီး ၁၇ မြို့နယ်ရှိသည့် အနက် လက်ရှိတွင် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားသည့်အတွက် သုံးမြို့နယ်ကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။

လက်ရှိအချိန်တွင်  အာရက္ခ(ရခိုင်)တစ်မျိုးသားလုံး၏ ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလို ရောက်ရှိနေပြီဟု မေလ ၂၉ ရက်တွင် AA က ထုတ်ပြန်ထားသည်။

ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင့် စစ်အာဏာရှင်တပ်တို့ တိုက်ပွဲဖြစ်နေပြီး စစ်တွေမြို့နယ်တွင်လည်း လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေသည်။ ယင်းအပြင် ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း တိုက်ပွဲများ ဖြစ်နေသည်။

ဖဒူ ထွန်းအောင် Myanmar Now

ဆက်စပ်သတင်းများ

AI Curated
ကျောက်ဖြူ တောင်မော်ဦးရေတပ်အနီး ကာကင်းစခန်း ၄ ခုကို AA သိမ်းပိုက် | YGN Daily