
AI Summary
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး ရေတပ်စခန်းအနီးတွင် မေလ ၂၉ ရက်မှ ၃၀ ရက်အထိ နှစ်ရက်ကြာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲများသည် စစ်တပ်က ကျောက်ဖြူမြို့နယ်၊ စနဲမြို့သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကို အာရက္ခတပ်တော် (AA) က သိမ်းဆည်းရရှိခဲ့သည်။ စစ်တပ်သည် အင်အား ၁၀၀ ကျော်အပြင် ရေတပ်နှင့် လေကြောင်းပစ်ကူများပါ အသုံးပြုခဲ့သော်လည်း စစ်ကြောင်းပြိုသွားသည့် အနေအထားရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ အာရက္ခတပ်တော်ဘက်မှလည်း ကျဆုံးမှုများရှိခဲ့ပြီး နှစ်ဖက်စလုံး အထိနာခဲ့သည်။ မေလ ၃၀ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး ရေတပ်စခန်းအနီး တိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း အာရက္ခတပ်တော် (AA) က သိမ်းဆည်းရရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။
မေ ၂၉ ရက် ညကတည်းက စဖြစ်တဲ့ တိုက်ပွဲဟာ မေ ၃၀ ရက်အထိ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်အာဏာရှင်တပ်ဘက်က အကျအဆုံးများသလို AA ဘက်ကလည်း ကျဆုံးမှုရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“နှစ်ဖက်တိုက်ပွဲက တအားပြင်းခဲ့တယ်လို့ ပြောလို့ရတယ်။ သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်လာတာ။ သူတိုက် ကိုယ်တိုက်နဲ့ စစ်ကောင်စီဘက်ကလည်း ဆယ်နဲ့ချီပြီး သေသလို ဒဏ်ရာရသူတွေလည်း များတယ်။ သိရသလောက်တော့ AA ဘက်ကလည်း ကျဆုံးမှုတွေရှိတယ်။”
စစ်တပ်ဘက်က ပိုပြီးအထိနာခဲ့ပြီး ရုပ်အလောင်း ၃၀ ကျော်နဲ့ လက်နက်ခဲယမ်း အများအပြားကို AA ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့လည်း နောက်ထပ် ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီအလောင်းတွေ အပုံလိုက်နဲ့ လက်နက်ခဲယမ်းတွေကိုလည်း AA က သိမ်းမိထားတာ ရှိတယ်။ တိုက်ပွဲကတော့ ဒီနေ့လည်း ဖြစ်နေတုန်းပါ။”
အခု တောင်မော်ဦးအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို စစ်တပ်က အင်အားအမြောက်အမြားနဲ့ စတင်ထိုးစစ်ဆင် တိုက်ခိုက်ရာကနေ ဖြစ်ပွားနေတာလို့ သိရပါတယ်။
မေ ၃၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က အင်အား ၁၀၀ ကျော်သုံးကာ နေဗီ၊ တောင်မော်ဦးရေတပ်စခန်း၊ လေကြောင်းကနေ စစ်ကူကာ AA ကို တိုက်ခိုက်ခဲ့ပေမဲ့ စစ်ကြောင်းပြိုသွားတဲ့ အနေအထား ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။