
AI Summary
အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နယူးဒေလီသို့ ဖိတ်ခေါ်တွေ့ဆုံခဲ့ရာ ၎င်းသည် မင်းအောင်လှိုင်၏ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်လာခဲ့သည်။ ဤတွေ့ဆုံမှုသည် Quad နိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာ့အရေးနှင့်ပတ်သက်သော ပူးတွဲကြေညာချက်ပါ အာဆီယံ၏ ရပ်တည်ချက်ကို ထောက်ခံသည့်အချက်နှင့် ဆန့်ကျင်နေသည်။ အိန္ဒိယ၏ ဤလုပ်ရပ်သည် တရုတ်၏ မြန်မာအပေါ် လွှမ်းမိုးမှုကို စိုးရိမ်ခြင်းနှင့် Quad မဟာမိတ်များအတွက် မြေရှားသတ္တု လိုအပ်ချက်တို့ကြောင့် ဖြစ်ပြီး၊ အိန္ဒိယ၏ ဒီမိုကရေစီပုံရိပ်နှင့် ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည်။ ထို့ပြင် မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုကြောင့် အိန္ဒိယ၏ ကုလားတန်မြစ်ဝှမ်းစီမံကိန်းများ ရပ်တန့်ခဲ့ရပြီး၊ မြေရှားသတ္တု ထုတ်လုပ်ရာဒေသများသည်လည်း ၎င်း၏ ထိန်းချုပ်မှုအောက်တွင် မရှိပေ။ လက်ရှိတွင် အိန္ဒိယ၏ မျက်နှာနှစ်ဖက်မူဝါဒသည် အာဆီယံ၏ မြန်မာ့အရေးဖြေရှင်းမှုကို အားနည်းစေပြီး၊ မြန်မာပြည်သူများကလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချလျက်ရှိသည်။
မြန်မာပြည်သူများကို ကိုယ်စားမပြုသော အတုအယောင်ရွေးကောက်ပွဲမှတဆင့် စစ်အာဏာသိမ်းမှုအရင်းခံ အကြောင်းတရားဖြစ်သော သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ခဲ့သူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က ဆက်လက် အသိအမှတ်မပြု ဖယ်ကြဉ်ထားဆဲ ဖြစ်သည်။ ထိုအချိန် ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံကြီးဟု သတ်မှတ်ခံထားရသည့် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် နရန်ဒြာမိုဒီက မင်းအောင်လှိုင်ကို နယူးဒေလီသို့ ဖိတ်ခေါ်လိုက်ခြင်းကြောင့် စစ်ခေါင်းဆောင်အတွက် အတုအယောင်သမ္မတရာထူးဖြင့် သွားရသည့် ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်လာသည်။
မေလ ၂၆ ရက်တွင် ၁၁ ကြိမ်မြောက် Quad (Quadrilateral Security Dialogue) မဟာမိတ်လေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့ပြီး လေးရက်အကြာ မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ Quad အစည်းအဝေးကို အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်၊ ဂျိုင်ရှန်ကာ (Dr. Subrahmanyam Jaishanka) က အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ကျန်အဖွဲ့ဝင် သုံးနိုင်ငံဖြစ်သည့် အမေရိကန်၊ ဂျပန်၊ ဩစတေးလျတို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့သည်။
ထိုအစည်းအဝေးအပြီး Quad နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် မြန်မာ့အရေးနှင့်စပ်လျဉ်း၍ “မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့် ထိုပဋိပက္ခများ၏ ဒေသတွင်းသက်ရောက်မှုများအပေါ် ကျွန်ုပ်တို့ စိုးရိမ်သည်။ အာဆီယံ၏ ကြိုးပမ်းမှုများကို အခိုင်အမာထောက်ခံပြီး၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြန့်ဝေနိုင်ရေးအတွက် သင့်လျော်သော ပတ်ဝန်းကျင်ရှိရေး၊ ပဋိပက္ခအတွင်း ထိခိုက်ခံစားရသော အဖွဲ့များနှင့် သက်ဆိုင်သူအားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးတို့ကို တောင်းဆိုသည်။ ထိုပဋိပက္ခများ၏ ဒေသတွင်းလုံခြုံရေးအပေါ် သက်ရောက်မှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ပျံ့နှံ့လာခြင်းကို ကျွန်ုပ်တို့ စိုးရိမ်သည်” ဟု ထည့်သွင်းဖော်ပြခဲ့သည်။
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အပေါ် အခိုင်အမာ ထောက်ခံရပ်တည်ကြောင်း Quad နိုင်ငံခြားရေး ဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်ပါ ရပ်တည်ချက်နှင့် အိန္ဒိယဝန်ကြီးချုပ်၏ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို တရားဝင် အသိအမှတ်ပြု လက်ခံတွေ့ဆုံခဲ့သည့် ရပ်တည်ချက်အကြား အိန္ဒိယအစိုးရသည် မျက်နှာနှစ်ဖက် မူဝါဒ (Double-faced Policy)ကို ကျင့်သုံးခဲ့ပြီး၊ အာဆီယံ၏ ရပ်တည်ချက်နှင့် ဆန့်ကျင်လျက်ရှိသည်။
ဝန်ကြီးချုပ်မိုဒီ၏ မျက်နှာနှစ်ဖက် မူဝါဒသည် အာဆီယံ၏ မြန်မာအရေး ဦးဆောင်ဖြေရှင်းမှုကို အားနည်းသွား စေမည်လားဆိုသည့် မေးခွန်း ဖြစ်ပေါ်စေပါသည်။ ထိုအခြေအနေသည် မင်းအောင်လှိုင် လိုချင်သော ရလဒ်ပင် မဟုတ်ပါလား။
အမျိုးသားရေးဝါဒီ မိုဒီ၏ ဒီမိုကရေစီနှင့်ဆန့်ကျင်သော မြန်မာမူဝါဒ
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ပြီး စစ်အာဏာသိမ်းမှု၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုးရခေါင်းဆောင်များကို မတရားဖမ်းဆီး ထောင်ချမှု၊ လွန်ခဲ့သော ငါးနှစ်ကျော်လုံးလုံး အပြစ်မဲ့ပြည်သူများကို ဗုံးကြဲသတ်ဖြတ်နေသော စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင် တောင်းဆိုခံထားရသူ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်အရှိဆုံးသူ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ သမ္မတအဖြစ် အသိအမှတ်ပြု ဆက်ဆံခဲ့သော ဝန်ကြီးချုပ် မိုဒီ၏ မျက်နှာနှစ်ဖက် မြန်မာမူဝါဒက အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီပုံရိပ်နှင့် ဂုဏ်သိက္ခာကို ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
Quad နိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက် ထွက်ရှိပြီး ရက်ပိုင်းအတွင်း၊ ဆန့်ကျင်ဘက် ပြုမူခဲ့သော ဝန်ကြီးချုပ်မိုဒီ၏ ကိုယ်ကျိုးစီးပွားကြည့် “မူမဲ့” သံတမန်ဆက်ဆံရေးက ရှက်ဖွယ်လိလိဖြစ်ပေသည်။ ၎င်းတို့ ထပ်ခါတလဲလဲ အလေးထားပြောဆိုနေသော ပြည်သူအချင်းချင်းဆက်ဆံရေး ဆိုသည့်အချက်နှင့် လုံးလုံးလျားလျား ဆန့်ကျင်နေသည်။
Quad အဖွဲ့ဝင်များထဲတွင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အိန္ဒိယသည် နှုတ်ဆိတ်နေခဲ့ရုံမျှမက၊ နိုင်ငံတကာက တားဆီးပိတ်ဆို့ထားသည်ကို လျစ်လျူရှု၍ စစ်တပ်ကို စစ်လက်နက်ပစ္စည်းများ စဉ်ဆက်မပြတ် ရောင်းချနေခဲ့သည်။ စင်စစ် ဝန်ကြီးချုပ်မိုဒီသည် အမျိုးသားရေးဝါဒီ ဖြစ်ပြီး၊ ဒီမိုကရေစီကျင့်စဉ်များ၊ စံနှုန်းများနှင့် တန်ဖိုးများအပေါ် အလေးထားသူ မဟုတ်ပါ။
Quad အဖွဲ့ဝင်များဖြစ်သော အမေရိကန်၊ ဂျပန်နှင့် ဩစတေးလျနိုင်ငံတို့သည် ဒီမိုကရေစီစနစ်ကို အခိုင်အမာ ကျင့်သုံးကြသူများဖြစ်ပြီး၊ အပြောတစ်မျိုး အလုပ်တစ်မျိုး ကြောင်သူတော် (Hypocrite) များ မဟုတ်ကြပါ။ ၎င်းတို့သည် Quad ထုတ်ပြန်ချက်အတိုင်း ရပ်တည်လျက်ရှိပြီး၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချခဲ့ကြသလို၊ မင်းအောင်လှိုင်ကို အသိအမှတ်မပြုရေး “မူ” ကို ကျင့်သုံးလျက်၊ အာဆီယံနှင့် တသားတည်း ရပ်တည်လျက် ရှိသည်။ ရန်ကုန်မြို့အခြေစိုက် ၎င်းတို့၏ သံရုံးများကိုလည်း သံအမတ်ကြီးအဆင့်မထားဘဲ သံတမန် အဆင့်အတန်း လျှော့ချထားကြသည်။
ဒေသတွင်း ဒီမိုကရေစီနိုင်ငံကြီး ဟူသော ဂုဏ်ပုဒ်နှင့်ဆန့်ကျင်လျက် ဒီမိုကရေစီစံနှုန်းများကို လျစ်လျူရှုပြီး၊ မြန်မာနိုင်ငံတွင် မည်သည့်အစိုးရတက်တက်၊ မြန်မာပြည်သူများအပေါ် မည်မျှရက်စက်ကြမ်းကြုတ်နေပါစေ ဆက်ဆံမည်ဟူသော အိန္ဒိယအစိုးရ၏ မူဝါဒကြောင့် အိန္ဒိယသည် အကြမ်းမဖက်ဝါဒ၏ ဖခင်ကြီး “မဟတ္တမဂန္ဒီ” မွေးဖွားရာ နိုင်ငံ ဟုတ်ပါလေစ ဟု ထင်ရမလောက်ပင် ဖြစ်သည်။
ဝန်ကြီးချုပ်မိုဒီက မင်းအောင်လှိုင်ကို ဦးစွာဖိတ်ခေါ် အသိအမှတ်ပြုရခြင်းသည် မြန်မာအပေါ် တရုတ်နိုင်ငံက လွှမ်းမိုးသွားမည့် အန္တရာယ်ကို စိုးရိမ်၍ ဟူသောအချက်က အကြောင်းပြချက် ဆင်ခြေတရပ်အဖြစ် နှစ်နိုင်ငံ ဆက်ဆံရေးကို လေ့လာသုံးသပ်ကြသူများ ပြောလာကြသည်မှာ ဆယ်စုနှစ်နှင့်ချီ ရှိနေပြီ ဖြစ်သည်။ သို့သော် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရပြီးချိန်ကတည်းက မြန်မာ့မြေပေါ်တွင် အိန္ဒိယနှင့် တရုတ်တို့ အကျိုးစီးပွားပြိုင်ဆိုင်မှုများနှင့် လုံခြုံရေးအရ အားပြိုင်မှုများ ဖြစ်ပွားခဲ့သော သမိုင်းမှတ်တမ်း လုံးဝမရှိပါ။
ယင်းသို့ သုံးသပ်နေကြခြင်းသည် အစဉ်အဆက် မြန်မာစစ်ခေါင်းဆောင်များအကြိုက် အိန္ဒိယကို တစ်မျိုး၊ တရုတ်ကို တစ်မျိုး နှစ်ဖက်ခွ သံတမန်ရေးကစားနိုင်ရန် တမင်ဖန်တီးထားသော ဆင်ခြေတရပ်သာ ဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီကဲ့သို့ အမျိုးသားရေးဝါဒီကြီးစိုးသော အိန္ဒိယအစိုးရအတွက် မြန်မာစစ်ခေါင်းဆောင်များနှင့် အဘယ်ကြောင့် ပေါင်းသင်းဆက်ဆံရကြောင်း Quad မဟာမိတ်နိုင်ငံများအပါအဝင် နိုင်ငံတကာကို ပြသနိုင်သော အသုံးဝင်သည့် အကြောင်းပြချက်တစ်ခု ဖြစ်နေခဲ့ခြင်းက အမှန်ပင်။
ဝန်ကြီးချုပ်မိုဒီ၏ မြေရှားရှာပုံတော် မင်းအောင်လှိုင်ထံမှ မရနိုင်
ဝန်ကြီးချုပ်မိုဒီသည် မင်းအောင်လှိုင်နှင့် နှစ်နာရီမျှ အချိန်ဖြုန်း ဆွေးနွေးခဲ့ပြီးနောက် မြန်မာတွင် မြေရှားသတ္တု တူးဖော်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် မင်းအောင်လှိုင်ထံတွင် အိန္ဒိယကို ရောင်းချရန် မြေရှားသတ္တု မရှိသလို၊ နိုင်ငံအတွင်း လက်ရှိ မြေရှားသတ္တုမိုင်းများ တူးဖော်နေသည့် ဒေသများသည် မင်းအောင်လှိုင်၏ သမ္မတတု အာဏာသက်ရောက်ခြင်းမရှိသောဒေသများ ဖြစ်သည်ကို ဝန်ကြီးချုပ်မိုဒီ သဘောပေါက်နားလည်သင့်သည်။
အကြောင်းမှာ မြန်မာ့မြေရှားသတ္တု အဓိကတူးဖော်ထုတ်လုပ်နေသော ကချင်ပြည်နယ် ချီဖွေနှင့် ပန်ဝါဒေသများသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပြည့်အဝ စိုးမိုးထိန်းချုပ်ထားသော နယ်မြေများဖြစ်နေခြင်းကြောင့် ဖြစ်သည်။ KIA သည် ချီဖွေနှင့် ပန်ဝါဒေသများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကချင်လက်နက်ကိုင်ခေါင်းဆောင် ဇခုန်တိန့်ယိန်းထံမှ သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ ဇခုန်တိန့်ယိန်း၏တပ်သည် ယခင်က KIA မှ ခွဲထွက်ခဲ့သောတပ်ဖြစ်ပြီး နောက်ဆုံးတွင် စစ်တပ်လက်အောက်ခံ ကချင်နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားသည်။
အကယ်၍ ကချင်မြေရှိ မြေရှားသတ္တုကို လိုချင်လျှင် တစ်ခုတည်းသောနည်းလမ်းမှာ အိန္ဒိယအစိုးရက KIA နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရေး တည်ဆောက်ပြီး ရယူခြင်းသာ ဖြစ်သည်။ သို့ရာတွင် ကချင်မြေက မြေရှားသတ္တုကို ဝန်ကြီးချုပ်မိုဒီ အိပ်မက်မက်ခွင့်ပင် ရှိမည်မဟုတ်ပါ။ အကြောင်းမှာ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုအတွင်း ချီဖွေနှင့် ပန်ဝါဒေသရှိ မြေရှားသတ္တုမိုင်းတွင်းများကို တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများက လက်ဝါးကြီးအုပ်ထိန်းချုပ်ထားပြီး၊ ကုန်ကြမ်းအားလုံး တရုတ်ပြည်သို့သာ တင်ပို့ခွင့်ရှိခြင်းကြောင့် ဖြစ်သည်။
ဝန်ကြီးချုပ်မိုဒီ မြန်မာ့မြေရှားသတ္တုကို မျက်စောင်းထိုးလာရသည့် အဓိကအကြောင်းရင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကြောင့် ဖြစ်သည်။ အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာ့မြေရှားသတ္တုဈေးကွက်ကို ပြန်လည်ချုပ်ကိုင်တုံ့ပြန်ခဲ့ခြင်းကြောင့် အမေရိကန် အထိနာခဲ့သလို သမ္မတ ဒေါ်နယ်ထရမ့် အမျက်ဒေါသထွက်ခဲ့သည်။ မထင်မှတ်ထားသော မြေရှားသတ္တု အနိုင်ဖဲ (Winning Card) ကို ထုတ်ပြလိုက်ရာမှ တရုတ်အစိုးရက မြေရှားသတ္တုကုန်ကြမ်းများကို မြန်မာနိုင်ငံမှ အဓိကရရှိနေသည့် အချက်မှာလည်း အာရုံစိုက်စရာ အကြောင်းအရာဖြစ်လာခဲ့သည်။
သမ္မတရှီ၏ အားသာချက်ကို သိမြင်သွားပြီးနောက် သမ္မတထရမ့်သည် အရေးကြီးသော ဓာတ်သတ္တု ထုတ်လုပ်မှု ကွင်းဆက်များ ကို Quad အဖွဲ့ဝင် မဟာမိတ်နိုင်ငံများ တည်ဆောက်ရေးနှင့် ထိန်းချုပ်နိုင်ရေး စတင်လုပ်ဆောင်လာပြီး၊ ယင်းသည် တရုတ်နိုင်ငံ၏ မြေရှားဈေးကွက်လက်ဝါးကြီးအုပ်မှုကို တုံ့ပြန်သော ခြေလှမ်းအစ ဖြစ်သည်။ မေလ ၂၆ ရက် Quad နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် Quad Critical Mineral Initiative Framework ကို သဘောတူညီခဲ့ကြပြီး၊ ထို့အတွက် အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ ကို လေးနိုင်ငံ ပူးပေါင်းရင်းနှီးမြှုပ်နှံသုံးစွဲမည်ဟု သဘောတူညီခဲ့ကြသည်။
အိန္ဒိယသည် အဆင့်မြင့် အီလက်ထရောနစ်နည်းပညာပစ္စည်းများ ထုတ်လုပ်မှုတွင် လူသားရင်းမြစ်ကြွယ်ဝ သော နိုင်ငံဖြစ်ပြီး၊ ယခုအခါ အမေရိကန်-တရုတ် အခွန်စစ်ပွဲကြောင့် အမေရိကန်နည်းပညာ ကုမ္ပဏီကြီးများသည် ၎င်းတို့၏ ထုတ်လုပ်မှုကွင်းဆက်ကို တရုတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ရွှေ့ပြောင်းအခြေချမှုများ ပြုလုပ်လာနေချိန် ဖြစ်သည်။ ထို့ကြောင့် အရပ်ဘက်နှင့် စစ်ဘက်သုံး အဆင့်မြင့် အီလက်ထရောနစ်နည်းပညာပစ္စည်းများအတွက် မရှိမဖြစ်လိုအပ်သော မြေရှားသတ္တုကို Quad အဖွဲ့ဝင်နိုင်ငံများအားလုံး အသည်းအသန် ကြိုးပမ်းရှာဖွေ လာခြင်းဖြစ်ပြီး၊ မင်းအောင်လှိုင်ကို အသိအမှတ်ပြုဆက်ဆံခဲ့ခြင်းနောက်ကွယ်၌ ဝန်ကြီးချုပ်မိုဒီသည် မြန်မာ့ မြေရှားသတ္တုကို မျက်စောင်းထိုးနေခြင်း ဖြစ်သည်။
မင်းအောင်လှိုင်သည် ဒေါ်နယ်ထရမ့်နှင့် မိုဒီတို့ အလွန်လိုချင်နေသော မြေရှားသတ္တုကို မြန်မာက ကူညီနိုင်လေဟန်ဖြင့် အမေရိကန်နှင့် အိန္ဒိယတို့ကို ငါးစာချ သံတမန်နည်းလမ်းဖြင့် မျှားခေါ်နေသည်မှာ ထင်ရှားပါသည်။ ဝါရှင်တန်အခြေစိုက် လော်ဘီကုမ္ပဏီနှင့် လူပုဂ္ဂိုလ်တချို့အကူအညီဖြင့် အိမ်ဖြူတော်အထိ လမ်းဖောက်ပြီး၊ မြေရှားသတ္တုအရေးတွင် သမ္မတထရမ့်၏ အာရုံစိုက်မှု ရရှိစေရန် ဆွဲဆောင်ကြိုးပမ်းခဲ့သည် မဟုတ်ပါလား။ သို့သော် စစ်ရာဇဝတ်ကောင် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ဝေးဝေးနေလိုသော အမေရိကန်ခေါင်းဆောင်များထံမှ မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ချိန်တွင်၊ အိန္ဒိယဝန်ကြီးချုပ်၏ မြေရှားရှာပုံတော်က “ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး” ကိန်းဆိုက်ခဲ့ပြီ ဖြစ်သည်။
စစ်အာဏာသိမ်းမှုဖြင့် မြန်မာနိုင်ငံရှိ အိန္ဒိယအကျိုးစီးပွားများကို ဖျက်ဆီးခဲ့သူ မင်းအောင်လှိုင်
ကုလားတန်မြစ်ဝှမ်းစီမံကိန်းသည် ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသော အိန္ဒိယအစိုးရ၏ မဟာဗျူဟာမြောက် စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းတွင် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူထားသော ရေနက်ဆိပ်ကမ်း၊ ရခိုင်နှင့်နယ်စပ်ထိနေသော ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန် မြစ်တွင်းဆိပ်ကမ်း၊ ပလက်ဝမှ အိန္ဒိယနယ်စပ်အထိ ကီလိုမီတာ ၁၁၀ (၆၉ မိုင်) ရှည်သော အဝေးပြေးလမ်းမတို့ ပါဝင်သည်။ ထိုစီမံကိန်းဖြင့် အိန္ဒိယ၏ ဖွံ့ဖြိုးမှုနည်းသော အရှေ့မြောက်ဒေသက ကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်သော ဘင်္ဂလားပင်လယ်အော်ရှိ ဆိပ်ကမ်းမြို့များကို ချိတ်ဆက်မည့် အစီအစဉ် ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေးက မြန်မာ-အိန္ဒိယနယ်စပ် အခြေအနေကို များစွာပြောင်းလဲသွားခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယအစိုးရ၏ အကျိုးစီးပွားအပေါ် တိုက်ရိုက်ဆိုးကျိုးသက်ရောက်မှုများ ရှိခဲ့သည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှုက အဓိကတရားခံ ဖြစ်ပြီး အိန္ဒိယအစိုးရ၏အကူအညီဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် ကုလားတန်မြစ်ဝှမ်း စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက်သွယ်မည့် အဝေးပြေးလမ်းမစီမံကိန်းများ အကောင်အထည်ဖော်မှု ရပ်တန့်သွားခဲ့ရသည်။ ထိုအခြေအနေကို ဝန်ကြီးချုပ်မိုဒီ ရှင်းလင်းစွာ ရှုမြင်သုံးသပ်သင့်သည်။
ယခုအခါ စစ်တွေရေနက်ဆိပ်ကမ်းမှလွဲ၍ ကုလားတန်စီမံကိန်းတစ်ခုလုံးသည် အာရက္ခတပ်တော် (AA) ၏ အပြည့်အဝ စိုးမိုးထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီ ဖြစ်သည်။ စစ်တွေမြို့သည် AA ၏ အပြင်းအထန် ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခြင်း ခံနေရပြီး၊ စစ်တွေကို သိမ်းပိုက်နိုင်ခဲ့မည်ဆိုလျှင် စီမံကိန်း တစ်ခုလုံးကို AA က ထိန်းချုပ်သွားမည့် အခြေအနေရှိနေပါသည်။
လက်တွေ့မြေပြင်အရှိတရားအရ မင်းအောင်လှိုင်နှင့် ၎င်း၏စစ်တပ်သည် အိန္ဒိယ၏ မဟာဗျူဟာ အကျိုးစီးပွားများကို အကာအကွယ်ပေးနိုင်ခြင်း လုံးဝမရှိသော အခြေအနေတွင် စစ်ရှုံးနေသော မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏သမ္မတအဖြစ် အသိအမှတ်ပြု ဖိတ်ခေါ်တွေ့ဆုံခဲ့ခြင်းသည် ဝန်ကြီးချုပ် မိုဒီ၏ တွက်ကိန်းမှားခြေလှမ်းဟုပင် ဆိုရပေလိမ့်မည်။ မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယအကျိုးစီးပွားများကို မင်းအောင်လှိုင်က အကာအကွယ်ပေးရန် ဆက်လက်မျှော်လင့်နေမည်ဆိုလျှင် အိန္ဒိယခေါင်းဆောင်များသည် ရခိုင်လူမျိုးများ၏ ခံစားချက်ကို မှန်မှန်ကန်ကန် နားမလည်သေးဟုပင် ဆိုရပေလိမ့်မည်။
ဗိုလ်ချုပ်အောင်ဆန်း-နေရူး တည်ဆောက်ခဲ့သော ယုံကြည်မှုကို ဖျက်ဆီးသူ
အနှစ်ချုပ်အနေဖြင့် မိုဒီ-မင်းအောင်လှိုင် ဆက်ဆံရေးသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိရန် အတူ ရုန်းကန်ကြိုးပမ်းခဲ့ကြသော ခေတ်သစ် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ ဖခင်ကြီးများသဖွယ် နှစ်နိုင်ငံပြည်သူများ က အလေးအမြတ်ပြုကြသော၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးချုပ် ဂျဝါဟလာ နေရူးတို့ တည်ဆောက်ခဲ့သော ယုံကြည်မှုကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီး ချုပ်နှောင်ထားခြင်း မပြုဘဲ ချက်ချင်းပြန်လွှတ်ပေးရန် ဝန်ကြီးချုပ်မိုဒီက လူသိထင်ရှား တောင်းဆိုခြင်း မပြုခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ဆက်စပ်၍ မေးမြန်းခဲ့သည်ဟုသာ သတင်းထောက်များ၏ မေးခွန်းကို အစိုးရအတွင်းဝန်က ဖြေကြားခဲ့ခြင်းသာ ရှိသည်။
မြန်မာပြည်သူများအပေါ် ဆယ်စုနှစ်များစွာ ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေသော စစ်ခေါင်းဆောင်များကို အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးက ဖေးကူဆက်ဆံပြနေခြင်းနှင့် တစ်ဖက်တွင် Quad နိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်တွင် အာဆီယံ၏ ရပ်တည်ချက်ကို ထောက်ခံနေသော အိန္ဒိယ၏ စံနှုန်းမဲ့ မျက်နှာနှစ်ဖက် မူဝါဒကို မြန်မာပြည်သူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချလျက်ရှိကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။