
Myanmar Now ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက် RSF က ချီးမြှင့်သည့် သူရသတ္တိဆု ရရှိ
AI Summary
Myanmar Now ၏ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ပေးအပ်သည့် Courage Prize (သူရသတ္တိဆု) ကို ဇွန်လ ၁ ရက်နေ့တွင် ရရှိခဲ့သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အန္တရာယ်များကြားမှ ပြည်တွင်း၌ ဆက်လက်နေထိုင်ကာ စစ်အုပ်စု၏ အကြမ်းဖက်နှိမ်နင်းမှုများကို လျှို့ဝှက်စွာ မှတ်တမ်းတင်ခဲ့သောကြောင့်ဖြစ်သည်။ ထိုသို့လုပ်ဆောင်မှုများကြောင့် အချိန်တိုင်း ရွှေ့ပြောင်းပုန်းရှောင်နေခဲ့ရပြီး ၂၀၂၃ ခုနှစ် မေလတွင် မိုခါဆိုင်ကလုန်းမုန်တိုင်း သတင်းယူစဉ် ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် စစ်ခုံရုံးက ၎င်းအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။ လက်ရှိတွင် ကိုစိုင်းဇော်သိုက်ကို ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားပြီး ထောင်အာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရကြောင်း RSF က ဖော်ပြသည်။ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဒေါ်အောင်ဆန်းစုကြည်၊ ကိုစိုင်းဇော်သိုက်နှင့် အခြားနိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သတင်းထောက်များဖြစ်သည့် ကိုစိုင်းဇော်သိုက်၊ ကိုမြတ်သူကျော်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် မေလ ၃၁ ရက်တွင် ဘန်ကောက်မြို့၌ တောင်းဆို ဆန္ဒပြနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ- ဖိုတို ဒါန
၂၀၂၆ ခုနှစ်အတွက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ပေးအပ်သည့် Courage Prize (သူရသတ္တိဆု)ကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရသည့် Myanmar Now ၏ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က ရရှိသွားသည်။
ဇွန်လ ၁ ရက်တွင်ကျင်းပသည့် (၃၄) ကြိမ်မြောက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)၏ သတင်းလွတ်လပ်ခွင့် ဆုပေးပွဲအခမ်းအနားတွင် ကိုစိုင်းဇော်သိုက်ကို Courage Prize (သူရသတ္တိဆု) ချီးမြှင့်လိုက်ခြင်းဖြစ်သည်။
ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည် ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်လာခဲ့သူ ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း အန္တရာယ်အရှိဆုံး ခြိမ်းခြောက်ခံနေရသည့် သတင်းထောက်များထဲမှ တစ်ဦးဖြစ်လာခဲ့သည်။
ကိုစိုင်းဇော်သိုက်သည် စွန့်စားရမှုများ ရှိနေလင့်ကစား ပြည်ပသို့မတိမ်းရှောင်ခဲ့ဘဲ ပြည်တွင်းမှာသာ နေထိုင်ရန် ရွေးချယ်ခဲ့ပြီး စစ်အုပ်စု၏အကြမ်းဖက်နှိမ်နင်းမှုများကို လျှို့ဝှက်စွာ ဆက်လက်မှတ်တမ်းတင်ခဲ့သူဖြစ်သည်ဟု RSF က အသိအမှတ်ပြုထားသည်။
ကိုစိုင်းဇော်သိုက်သည် အချိန်တိုင်း ရွှေ့ပြောင်းနေထိုင်ပုန်းရှောင်နေခဲ့ရပြီး အချိန်မရွေး ဖမ်းဆီးခံရနိုင်သည့် အန္တရာယ်နှင့် ကြုံခဲ့ရသည်။ ၂၀၂၃ ခုနှစ် မေလအတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများကို ရခိုင်ပြည်နယ်သို့ သွားရောက်သတင်းယူစဉ် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် စစ်ခုံရုံးက ၎င်းအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့သည်။
လက်ရှိတွင် ကိုစိုင်းဇော်သိုက်ကို နာမည်ဆိုးဖြင့်ကျော်ကြားသော ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားပြီး ထောင်အာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရသည်ဟုလည်း RSF က ဖော်ပြထားသည်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ၏ Courage Prize (သူရသတ္တိဆု) ချီးမြှင့်ခံရသူ ကိုစိုင်းဇော်သိုက်။ (ဓာတ်ပုံ − RSF)
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သတင်းထောက်များဖြစ်သည့် ကိုစိုင်းဇော်သိုက်၊ ကိုမြတ်သူကျော်နှင့် နွေဦးတော်လှန်ရေး မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်တို့အပါအဝင် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး လွှတ်ပေးရန်ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Burmese Exile Movement (ပြည်ပရောက် မြန်မာနိုင်ငံရေးလှုပ်ရှားမှုအဖွဲ့)က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
RSF ၏ သတင်းလွတ်လပ်ခွင့်ဆုများသည် ကမ္ဘာတဝန်းရှိ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ရန်အတွက်သိသာထင်ရှားစွာ ပံ့ပိုးကူညီခဲ့ကြသည့် သတင်းထောက်များနှင့် မီဒီယာလုပ်ငန်းများ၏ ကြိုးပမ်းအားထုတ်မှုများကို နှစ်စဉ် အသိအမှတ်ပြုချီးမြှင့်ခြင်းဖြစ်သည်။
ပြင်သစ်နိုင်ငံတောင်ပိုင်း၊ မာဆေးလ်မြို့ Palais du Pharo နန်းတော်ဟောင်းရှိ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သော ဆုပေးပွဲအခမ်းအနားတွင် မိုဇမ်ဘစ်နိုင်ငံမှ သတင်းထောက် ကားလစ်တိုစ် ကာဒန်ဂီက Impact Prize ၊ အာဂျင်တီးနားနိုင်ငံမှ သတင်းထောက် ဂျူလီယာ မန်ဂိုလီနီက Independence Prize၊ ဂီနီနိုင်ငံမှ သတင်းထောက် ဟာဘစ် မာရိုအန် ကာမာရာက (အာဖရိက စုံစမ်းထောက်လှမ်းရေးသတင်းစာပညာဆိုင်ရာ မိုဟာမက် မိုင်ဂါဆု – Mohamed Maïga Prize for African Investigative Journalism)နှင့် ပါလက်စတိုင်း ဓာတ်ပုံသတင်းထောက် အဗ္ဗဒူ ဟာကင် အဘူ ရီယာရှ်က Lucas Dolega–SAIF Photo Prize တို့လည်း ဂုဏ်ပြုဆုများ ချီးမြှင့်ခံခဲ့ရသည်။
၂၀၂၆ ခုနှစ်အတွက် RSF က ချီးမြှင့်သည့် ဆုများအတွက် ဆန်ခါတင်စာရင်းတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ သတင်းထောက်နှင့် ဓာတ်ပုံသတင်းထောက် ၂၁ ဦး၊ မီဒီယာလုပ်ငန်း ငါးခု၊ သတင်းအချက်အလက် သိပိုင်ခွင့်အတွက် လှုပ်ရှားသူတစ်ဦးနှင့် သတင်းထောက်များကာကွယ်ရေးဆိုင်ရာ စုပေါင်းအဖွဲ့တစ်ဖွဲ့တို့လည်း ပါဝင်သည်။