“ဒီအကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာလျှင် ကျမတို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ်”- ဒေါ်ဇင်မာအောင်

“ဒီအကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာလျှင် ကျမတို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ်”- ဒေါ်ဇင်မာအောင်

DVB
SourceDVB

AI Summary

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့သည် ကနေဒါနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။ ၎င်းတို့သည် SCEF ၏ မဟာဗျူဟာမြောက် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စစ်အာဏာရှင်နှင့် ဆွေးနွေးရန် ဖွဲ့စည်းခဲ့သည်ဟူသော ကောလာဟလများကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ ဤခရီးစဉ်သည် SCEF ကို ကမ္ဘာ့နိုင်ငံများသို့ မိတ်ဆက်ရန်၊ ကနေဒါအစိုးရ၏ မြန်မာ့အရေးအပေါ် အာရုံစိုက်မှုကို ဆက်လက်ထိန်းထားရန်နှင့် ကနေဒါရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံရန် ရည်ရွယ်သည်။ ဒေါ်ဇင်မာအောင်က SCEF သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည့် အဖွဲ့အစည်းဖြစ်ပြီး၊ စုပေါင်းခေါင်းဆောင်မှုကို ပြသခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ၎င်းတို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA လမ်းကြောင်းကို လုံးဝငြင်းဆန်ပြီး ၂၀၂၄ ခုနှစ် နိုင်ငံရေးဦးတည်ချက် ၆ ချက်ကိုသာ လက်ကိုင်ထားမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။ SCEF ဖွဲ့စည်းခြင်းဖြင့် တော်လှန်ရေးအင်အားစုများ စည်းလုံးညီညွတ်ကြောင်းနှင့် စနစ်တကျ ဖွဲ့စည်းထားသော အစားထိုးအစိုးရတစ်ခုရှိကြောင်း နိုင်ငံတကာကို သက်သေပြနိုင်ခဲ့သည်ဟု NUG က ယုံကြည်သည်။ လက်ရှိတွင် ဒေါ်ဇင်မာအောင်နှင့်အဖွဲ့သည် ကနေဒါလွှတ်တော်အမတ်များနှင့် မြန်မာအသိုင်းအဝိုင်းများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး အခြားတိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းရန် ဆွေးနွေးနေသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကနေဒါနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အဖွဲ့ဟာ အသစ်ဖွဲ့စည်းလိုက်တဲ့  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF)ရဲ့ မဟာဗျူဟာမြောက် ရည်ရွယ်ချက်တွေကို ရှင်းလင်းပြောကြားခဲ့ပြီး စစ်အာဏာရှင်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ SCEF ကို ဖွဲ့စည်းခဲ့တာဆိုတဲ့ ကောလာဟလတွေကို ပြတ်ပြတ်သားသား ပယ်ချလိုက်ပါတယ်။

ဒီခရီးစဉ်ဟာ မကြာသေးခင်လပိုင်းကမှ ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) ကို ကမ္ဘာ့နိုင်ငံမြို့တော်အသီးသီးမှာ မိတ်ဆက်ပေးနေတဲ့ သံတမန်ရေးရာ လှုပ်ရှားမှုတခုလည်း ဖြစ်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “တော်လှန်ရေးကာလ ၅ နှစ်ကျော်ကြာလာတဲ့အချိန်မှာ နိုင်ငံတော်တော်များများကို သွားရောက်ခဲ့တာ ရှိတယ်။ အထူးသဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေရှိတဲ့ နိုင်ငံတွေရယ်၊ ကျမတို့ရဲ့ ဒီမိုကရေစီရေး၊ တော်လှန်ရေးကို ထောက်ခံအားပေးတဲ့ နိုင်ငံတွေ တော်တော်များများကို ရောက်ခဲ့တယ်။ ကနေဒါက တခေါက်မှ မရောက်သေးဘူး။ ဒီမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံချင်တယ်၊ သူတို့ကလည်း လာစေချင်နေတာ၊ အဲဒါလည်း တချက်ပေါ့။ ဒုတိယတချက်ကတော့ ကနေဒါအစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လွှတ်တော်နဲ့ရော တွေ့လို့ရတဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ဖြစ်တယ်။ ဒီလိုတွေ့ဆုံတဲ့နေရာမှာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းပြီးနောက်ပိုင်း ပထမဆုံးလာဖြစ်တဲ့ ခရီးစဉ်ပေါ့။ SCEF ရဲ့ ပထမဆုံး လူတွေ့နိုင်ငံခြားခရီးစဉ်ဖြစ်နေတာ” လို့ မေ ၂၉ ရက်က DVB နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးနဲ့ စစ်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်မဲ့ အဖွဲ့အစည်းအဖြစ် SCEF ကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။

ကမ္ဘာတဝန်း ပဋိပက္ခအကျပ်အတည်းတွေ အပြိုင်အဆိုင် ဖြစ်နေတဲ့အချိန်မှာ သူတို့ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာ့အရေးအပေါ် ကနေဒါအစိုးရရဲ့ အာရုံစိုက်မှုကို ဆက်ပြီး ထိန်းထားနိုင်ဖို့ ဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားပါတယ်။

ကနေဒါနိုင်ငံဟာ ဒီမိုကရေစီလှုပ်ရှားမှုကို အစဉ်အဆက် အားပေးလာတဲ့နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ် ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ဒေသန္တရအုပ်ချုပ်ရေး ကဏ္ဍတွေကို ကူညီပံ့ပိုးပေးနေတဲ့ အစီအစဉ်လည်း ရှိပါတယ်လို့ ဆိုပါတယ်။

နိုင်ငံအတော်များများက နိုင်ငံတကာအကူအညီတွေကို ပြန်ရုပ်သိမ်းနေကြတဲ့အတွက် SCEF အနေနဲ့ ကနေဒါအစိုးရရဲ့ အာရုံစိုက်မှုနဲ့ ထောက်ခံမှုကို ဆက်ပြီးရရှိဖို့၊ ပြီးတော့ ကနေဒါရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ အသံတွေကို နားထောင်ဖို့အတွက် ဒီခရီးစဉ်ကို လာခဲ့တာဖြစ်ပါတယ်လို့ ပြောပါတယ်။

ဒေါ်ဇင်မာအောင်က “ကနေဒါအစိုးရက အစဉ်အလာအားဖြင့် ကျမတို့ရဲ့ ဖက်ဒရယ်လိုက်ဇေးရှင်း ပညာပေးရေးကိစ္စတွေ၊ ဒီမိုကရေစီအရေးကိစ္စတွေကို ကူညီပေးနေတဲ့နိုင်ငံလည်း ဖြစ်တယ်။ အရင်တုန်းကဆို UN မျက်နှာစာမှာလည်း ကနေဒါက မြန်မာ့အရေးကို Organise လုပ်ပေးတာက ကူညီပေးတာ အစပေါ့လေ ရှိပါတယ်။ အခု SCEF ဖွဲ့စည်းလိုက်တဲ့အခါကျတော့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ကိစ္စမျိုးမှာ ကနေဒါသည် ဖက်ဒရယ် Promote လုပ်တဲ့ နိုင်ငံတွေထဲမှာ တခု အပါအဝင်ဖြစ်တယ်။ ဘာမျှော်လင့်လဲဆိုတော့ ကမ္ဘာ့နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေကလည်း ရှိနေကြတယ်။ ကျမတို့သွားနေတဲ့ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ နိုင်ငံတွေကလည်း သူ့အကျိုးစီးပွားနဲ့သူပေါ့လေ၊ တချို့လည်း အကူအညီပေးတာတွေ လျှော့လိုက်ရတာတွေ ရှိတယ်၊ တချို့လည်း နိုင်ငံခြားရေးမူဝါဒတွေ priority တွေထဲမှာ ဟိုးထိပ်ဆုံးကနေ အလယ်အလတ် ဖြစ်သွားတာတွေလည်း ရှိတယ်။ ဘယ်လိုတွေပဲ ဖြစ်ပါစေ၊ ဒီနိုင်ငံတွေရဲ့ နိုင်ငံခြားရေး မူတွေထဲမှာ ကျမတို့နိုင်ငံအရေးက ဆက်ရှိနေဖို့ လိုအပ်ပါတယ်။ အဲဒီအတွက်လည်း မျှော်လင့်တယ်။ အဲဒီအတွက်လည်း ထပ်ပြီး ကနေဒါအစိုးရနဲ့ လွှတ်တော်နဲ့၊ ဒေသတွင်း ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ဦးဆောင်မှုတွေ၊ ကနေဒါနဲ့ မဟာမိတ်တွေကြားထဲမှာ ကျမတို့နိုင်ငံအရေးကို ဆက်လက်ပြီး အာရုံကျနေဖို့ လာလုပ်ရတဲ့ သဘောလည်း ဖြစ်ပါတယ်။”

စစ်အာဏာရှင်နဲ့ ဆွေးနွေးဖို့ လမ်းစဖွင့်တဲ့အနေနဲ့ SCEF ကို သီးသန့်ဖွဲ့စည်းခဲ့တာဆိုပြီး မကြာသေးခင်က ထွက်ပေါ်နေတဲ့ ကောလာဟလ ထင်ကြေးပေးမှုတွေအပေါ်မှာလည်း ဒေါ်ဇင်မာအောင်က ပြင်းပြင်းထန်ထန် ငြင်းဆိုတုံ့ပြန်ခဲ့ပြီး၊ ဒါဟာ တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းညီညွတ်တဲ့ ကြိုးပမ်းမှုကို အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

SCEF ဟာ စစ်အာဏာရှင်နဲ့ ဆွေးနွေးမဲ့အဖွဲ့ မဟုတ်ဘဲ ၂၀၂၁ စစ်အာဏာသိမ်းမှုကို တွန်းလှန်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ နောက်ဆက်တွဲ ကြားကာလ နိုင်ငံရေးအကူးအပြောင်းကာလတွေကို ဦးဆောင်လမ်းပြဖို့ ဖွဲ့စည်းထားတဲ့ “စုပေါင်းခေါင်းဆောင်မှု” ကို ပြသတာဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်က  ရှင်းပြပါတယ်။

“အဓိကကတော့ ဒီစုဖွဲ့မှုက ယခင့်ယခင်တုန်းကလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ တုန်းကလည်း ကြေညာချက်ထုတ်ခဲ့တာတွေ ရှိတယ်။ ဘုံသဘောတူညီချက် ၆ ချက်လိုဟာမျိုးရှိတယ်။ ဒီ K3C က တော်လှန်ရေးစကတည်းက ဖက်ဒရယ်ဒီမိုကရေစီချာတာ ရေးဆွဲကတည်းက အတူတူ ပါခဲ့ကြတဲ့ အဖွဲ့အစည်းတွေ၊ စုဖွဲ့မှုတွေ ဖြစ်ပါတယ်။ ဒါက ဘာထူးခြားလဲဆိုတော့ On Paper သဘောတူထားတာတွေ ရှိတယ်။ တော်လှန်ရေးရဲ့ အခြေအနေ အချိန်အခါအရဆိုရင်လည်း Implementation ဒါတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အဓိကကျတဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ဖို့ရယ်၊ တဖက်မှာလည်း ဒီတော်လှန်ရေးကို လုပ်နေတဲ့အချိန်မှာ တော်လှန်ရေးအစနဲ့ မတူတာက ကျမတို့မှာ စိုးမိုးထိန်းချုပ်တဲ့နယ်မြေတွေ ရှိလာတယ်။ ဒီစိုးမိုးမှုနယ်မြေတွေကို ကျမတို့ ဘယ်လိုအုပ်ချုပ်ကြမလဲ၊ တော်လှန်ရေးအလွန်ကာလမှာကော ဘယ်လိုသွားကြမလဲ။ တော်လှန်ရေးအလွန်ကာလမှာက ရှင်းပြီးသား။ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ သွားမယ်ဆိုတာ။ တော်လှန်ရေးကာလမှာလည်း ဘယ်လိုသွားကြမလဲဆိုတာ လက်တွေ့ဆောင်ရွက်ရမဲ့ကိစ္စတွေလည်း ဖြစ်တယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ဖက်ဒရယ်အနှစ်သာရနဲ့ ကိုက်ညီတာတွေကို အခုကာလမှာကိုပဲ ကျင့်သုံးနိုင်သမျှ ကျင့်သုံးဖို့ လုပ်ကိုင်နေရတာလည်း ရှိပါတယ်။ အခု SCEF ဖွဲ့စည်းလိုက်တာက K3C နဲ့ မတူတာက ဒီတော်လှန်ရေးမှာ Dejure နဲ့  Defacto  ပေါင်းစပ်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့ သူ့ရဲ့တရားဝင်မှုကို စိန်ခေါ်တာဖြစ်တယ်။ စစ်ကောင်စီကို မထောက်ခံရင် ဘယ်သူတွေက မြန်မာပြည်အတွက်၊ တော်လှန်ရေးအလွန်မှာကော အသွင်ကူးပြောင်းရေးအတွက်ကော နိုင်ငံရေးအာဂျင်ဒါတွေ ရှိတယ်။ ပြောရရင်တော့ တော်လှန်ရေး ခေါင်းဆောင်မှုပေါ့။ ၅ နှစ်လောက်ကြာလာတဲ့အခါမှာ NUG ရှိမယ်။ တကယ့်ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ NUG ချည်းပဲနဲ့လည်း မလုံလောက်ဘူး။ ဒါကြောင့် တော်လှန်ရေး အလွန်ကာလမှာကော တော်လှန်ရေးကာလအတွက်ပါ စစ်ရေး၊ နိုင်ငံရေး ပေါင်းစပ်ညှိနှိုင်းမဲ့ ခေါင်းဆောင်တဲ့ ပိုပြီးကောင်းမွန်တဲ့၊ ပိုအားကောင်းတဲ့ ခေါင်းဆောင်မှု လိုပါတယ်။ SCEF ပေါ်ထွန်းလာရတဲ့ အကြောင်းရင်းက အဲဒါကို  Demonstrate လုပ်တဲ့သဘောလည်း ဖြစ်ပါတယ်။ အဲဒီမှာ ထူးခြားတာက ကျမတို့တွေက နှုန်းစံတန်ဖိုးတွေကို စာရွက်ပေါ်မှာတင်မဟုတ်ဘဲ စတင်ကျင့်သုံးဖို့ ကြိုးစားတယ်။ အခြေခံဒေါက်တိုင်ကြီး ၃ ခုနဲ့ စုဖွဲ့ဖို့ သဘောတူကြတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေလို့ ပြောတဲ့အခါမှာ  ၂၀၂၀ ရွေးကောက်ပွဲရလဒ် ရှိမယ်။ အဲဒါကို အခြေခံလာတဲ့ NUG ရှိမယ်။ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ ရှိမယ်။ ထို့အတူပဲ အမျိုးသမီး ကိုယ်စားပြုမှုဆိုတာကိုလည်း ကျမတို့က ဒေါက်တိုင်တခုအနေနဲ့ သဘောတူထားပြီး တော့ ဒီဒေါက်တိုင် ၃ ခုအပေါ်မှာ အခြေခံပြီး လုပ်ငန်းတွေ ဆောင်ရွက်သွားကြဖို့ ကျမတို့က သဘောတူထားတာ ဖြစ်တယ်။”

“ဒါ ကျမတို့ရဲ့ ကတိကဝတ်လည်း ဖြစ်တယ်။ တိုင်းပြည်ရဲ့အဖြေကလည်း ဒါပါပဲ။ တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ကြမယ်ဆိုတာ ဒါ အဖြေပါပဲ။ ဒါကို မတည်ဆောက်နိုင်လို့ ကျမတို့ တောက်လျှောက် ဒီပြဿနာတွေ ကြုံနေရတယ်။ အဆိုးကျော့သံသရာထဲမှာ လည်နေရတာ ဖြစ်တဲ့အတွက် ဒါ ကျမတို့ကြားထဲက ဘုံသဘောတူညီချက်ပဲ ဖြစ်ပါတယ်။”

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အပါအဝင် စစ်အာဏာရှင်အနေနဲ့ “အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ” လုပ်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းက ဆက်တိုက်ဖိအားပေးနေတာနဲ့ ပတ်သက်ပြီးလည်း ဒေါ်ဇင်မာအောင်က “အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲအကြောင်း ပြောမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ အကြောင်းကိုလည်း ထည့်ပြောရပါမယ်။ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ကျတော့ ဘာလို့ ထည့်မပြောကြတာလဲ။ စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်နေတာတွေကို ရပ်တန့်ရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး စစ်တပ်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပျက်ပြယ်သွားပြီဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းကို ပြန်လှည့်ဖို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လုံးဝငြင်းဆန်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပြီး၊ အဲဒီအစား ၂၀၂၄ ခုနှစ်မှာ တော်လှန်ရေးအင်အားစုတွေ လူသိရှင်ကြား ကြေညာထားတဲ့ နိုင်ငံရေးဦးတည်ချက် ၆ ချက်ကိုပဲ လက်ကိုင်ထားသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်ဆန်းပိုင်းက ကျင်းပပြီးစီးခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲအပြီး စစ်အာဏာရှင်က နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိဖို့ ကြိုးပမ်းနေတာကို SCEF ကောင်စီ ဖွဲ့စည်းခြင်းအားဖြင့် တိုက်ရိုက်တုံ့ပြန် ချေပနိုင်ခဲ့တယ်လို့ NUG က ယုံကြည်နေပါတယ်။

ဒီလုပ်ရပ်ဟာ တော်လှန်ရေးအင်အားစုတွေဘက်က အလုပ်ဖြစ်ပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ အစားထိုး အစိုးရတရပ် ရှိနေတယ်ဆိုတာကို နိုင်ငံတကာ အသိုင်းအဝန်းကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

ဒေါ်ဇင်မာအောင်က “နိုင်ငံတကာ အသိုင်းအဝိုင်းက အရင်တုန်းက ပြောလေ့ရှိတာက ကျမတို့ကို စည်းလုံးမှုမရှိဘူး၊ ဘုံရန်သူရှိလို့သာ စုနေကြတာ၊ စစ်အာဏာသိမ်းမှုပြီးရင် အချင်းချင်း ပြန်ချကြမှာလို့ ပြောကြပါတယ်။ SCEF ဟာ ကျမတို့ ပြိုကွဲမနေဘူးဆိုတာရဲ့ သက်သေပါပဲ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အင်တာဗျူးအဆုံးမှာတော့ ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံအတွင်းက ပြည်သူတွေနဲ့ ကနေဒါရောက် မြန်မာအပါအဝင် ကမ္ဘာအနှံ့က ပြည်ပရောက် မြန်မာမိသားစုတွေရဲ့ မပျက်မကွက် ဝန်းရံပံ့ပိုးမှုတွေအတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

“ကျမတို့ ပြည်သူတွေရဲ့ ပံ့ပိုးမှုကြောင့်ပဲ ကျမတို့ တော်လှန်ရေးဟာ အခုထက်ထိ ရှင်သန်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီကို အမြစ်ပြတ် မချေမှုန်းနိုင်မချင်း ကျမတို့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ကျမတို့ ပြည်သူတွေကို အားပေးချင်တာကတော့ - စိတ်ဓာတ်ခိုင်ခိုင်ထားပြီး ကျမတို့ရဲ့ အနာဂတ်ကို ယုံကြည်ကြပါ။”

“ကျမတို့ ပန်းတိုင်မှ မရောက်သေးတာ။ ကျမတို့ လိုချင်တာက စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့။ စစ်အာဏာရှင်စနစ် အဆုံးသတ်ရုံတင်မကဘူး၊ ပြည်ထောင်စုအသစ်အတွက် အခြေခံကောင်းတွေ ရရှိဖို့အတွက်ပါ ကျမတို့ ရည်မှန်းထားတာ ဖြစ်တယ်။ ဒီရည်မှန်းထားတာတွေကို ကျမတို့ မရောက်မချင်း ကျမတို့ ရပ်တန့်မှာ မဟုတ်ဘူး။

“ကျမတို့ ယုံကြည်ပါတယ်။ နိုင်ငံရေးလုပ်တာ၊ တော်လှန်ရေးလုပ်တာ ယုံကြည်ချက်မရှိရင် လုပ်လို့မရပါဘူး။ ဒါကိုလည်း ခိုင်ခိုင်မာမာ ယုံကြည်ဖို့လိုတယ်။ လက်နက်ကိုင်ထားတဲ့သူကော၊ လက်နက်မကိုင်ထားတဲ့သူကော နည်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ အလွှာစုံက ပြည်သူလူထုရဲ့ အားလည်း လိုအပ်ပါတယ်။ ကျမတို့ချည်းပဲ ယုံကြည်နေလို့မရပါဘူး။ ပြည်သူလူထုကလည်း ယုံကြည်မှ ရမယ်။ ကျမတို့ အတူတကွ တည်ဆောက်ကြမှာ ဖြစ်တယ်။ ကျမတို့ အတူနေထိုင်ကြမဲ့၊ အတူတကွ တည်ဆောက်ကြမဲ့ ပြည်ထောင်စုကို သွားတဲ့နေရာမှာ ခလုတ်ကန်သင်းဖြစ်နေတဲ့ ဒီအကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာလျှင် ကျမတို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ်၊ ကျမတို့လိုချင်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ကို ယုံကြည်မှုပေးဖို့ မေတ္တာရပ်ခံလိုတယ်။ နည်းနာပေါင်းစုံ သုံးသွားမယ်။ ကျမတို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး၊ သံတမန်ရေးနည်းလည်း ပါမယ်။ ဒါကို နည်းလမ်းပေါင်းစုံသုံးပြီး မဟာဗျူဟာအရ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်လို့ ပြည်သူလူထုကို သတင်းစကား ပါးလိုပါတယ်။”

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အတွင်းရေးမှူးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အပါအဝင် SCEF အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က နန်းနယ်ပလို ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေးဌာန အတွင်းရေးမှူးစောနင်မ်ရော့ဒ်တို့က ပြီးခဲ့တဲ့ လကုန်ပိုင်းကတည်းက  ကနေဒါနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့အဖွဲ့ဟာ ကနေဒါလွှတ်တော်အမတ် တချို့နဲ့ တွေ့ဆုံခဲ့တာရှိသလို အွန်တေရီယိုပြည်နယ်အတွင်းမှာရှိတဲ့ လန်ဒန်မြို့၊ တိုရန်တို့မြို့နဲ့ ကနေဒါမြို့တော် အိုတာဝါမြို့တွေ မှာနေထိုင်ကြတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး တော်လှန်ရေးအောင်မြင်နိုင်ရေးနဲ့ နိုင်ငံတကာက အသိအမှတ်ပြုနိုင်ရေးမှာ SCEF ရဲ့ အရေးပါမှုတွေ အကြောင်းကို ပြောဆိုခဲ့သလို လာမဲ့ ဇွန် ၆ ရက်မှာလည်း ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့ကို လာရောက်ပြီး မြန်မာ အသိုက်အဝန်းနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

တော်လှန်ရေးအစပိုင်းမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ SCEF ကို ပြန်လည်စုဖွဲ့ထားပေမဲ့ လက်ရှိမှာ SCEF ရဲ့ စုဖွဲ့မှုမှာ ပါဝင်လာနိုင်ဖို့ တခြားသောတိုင်းရင်း သားတော်လှန်ရေးအဖွဲ့ တွေအပြင် ပြည်နယ်ဖက်ဒရယ်ယူနစ်အစုအဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေး နေတယ်လို့လည်း ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု‌ကော်မတီ (CRPH) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က စတင်ဖွဲ့စည်းခဲ့တာပါ။

N UG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ DVB ပြုလုပ်ထားတဲ့ သီးသန့်အင်တာဗျူး ရုပ်သံ အစီအစဉ်ကို ရှုစားနိုင်ဖို့ အောက်ပါ DVB TV News ယူကျုချန်နယ်အပြင် DVB English News ရဲ့ YouTube မှာ Subscribe လုပ်ထားနိုင်သလို၊ FB, X, Instagram, TikTok, Threads, Bluesky, Spotify, Apple Podcasts, Audible နဲ့ Amazon Music တို့မှာလည်း စောင့်မျှော်ကြည့်ရှု နားဆင်နိုင်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
“ဒီအကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာလျှင် ကျမတို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ်”- ဒေါ်ဇင်မာအောင် | YGN Daily