လရိပ်စံတို့ ကျောင်းတက်ရတော့မယ်

ရေးသူ - တာပလု

June 11, 2026short storyဖတ်ရန်ကြာချိန် - 31 မိနစ်
လရိပ်စံတို့ ကျောင်းတက်ရတော့မယ်
မိုးအုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးအောက် ထိုင်း-မြန်မာနယ်စပ်ရဲ့ တနေရာက ကွင်းပြင်ကြီးဟာ ခြောက်သွေ့တိတ်ဆိတ်လို့ နေပါတယ်။ အဲဒီကွင်းပြင်ကျယ်ကြီးရဲ့ အလယ်မှာတော့ သစ်ကိုင်းသစ်ခက်တွေ၊ တဲအိမ်လေးတစု ရှိနေတာပါ။ သူတို့နဲ့အနီးမှာ ဘုရားကျောင်းလေးတကျောင်း ရှိတယ်။ ဒီနေရာလေးဟာ စစ်မီးလျှံတွေ ကြားကနေ အသက်လုပြေးလာကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နောက်ဆုံးခိုနားရာ "အိမ်" လို့ ခေါ်ရမဲ့ နေရာလေးတခုပေါ့။ လေပြေတိုးရင်တောင် ကြေမွသွားတော့မလို နုနယ်လွန်းတဲ့ ဒီတဲအိမ်လေးတွေရှိရာဆီကို တနေ့မှာတော့ ကမ္ဘာတဖက်ခြမ်းက ဧည့်သည်တွေ ရောက်လာခဲ့ကြပါတယ်။ နယ်စပ်မြို့လေးရဲ့ မနက်ခင်းတခုမှာ အနောက်နိုင်ငံက ရောက်လာတဲ့ လူငယ်လူရွယ်တွေနဲ့ အသက်ကြီးပိုင်း စေတနာ့ဝန်ထမ်းတချို့ဟာ ဒီစစ်ရှောင်စခန်းလေးဆီ ခြေချလာခဲ့ကြတာပါ။ သူတို့ရဲ့ မျက်နှာတွေမှာတော့ နွေးထွေးတဲ့ ကူညီလိုစိတ်တွေအပြည့်။ ကွဲပြားခြားနားတဲ့ ဘာသာစကားတွေဟာ ဒီကွင်းပြင်ကျယ်ကြီးထဲမှာတော့ အတားအဆီး မဖြစ်ခဲ့ပါဘူး။ သူတို့ရဲ့ တရက်တာ အစီအစဉ်လေးက ရိုးရှင်းပေမဲ့ ကြီးမြတ်ပါတယ်။ လေဒဏ်မိုးဒဏ်ကာကွယ်ဖို့ မိသားစုတွေအတွက် ခိုင်ခံ့တဲ့ နေအိမ်အမိုးအကာလေးတွေ ကိုယ်တိုင်ကိုယ်ကျ ဝိုင်းဝန်း ဆောက်လုပ်ပေးကြဖို့ပါ။ အဝေးက ရောက်လာကြတဲ့ စေတနာ့ဝန်ထမ်း လူငယ်လူရွယ်တွေနဲ့ အသက်ကြီးပိုင်း ဧည့်သည်တွေဟာ ခရီးပန်းလို့ နားနေဖို့ကို စိတ်မကူးအားကြဘဲ လာရင်းအလုပ်ဖြစ်တဲ့ အမိုးအကာ ကူညီဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ချက်ချင်းပဲ စတင်လိုက်ကြပါတော့တယ်။ ဒဏ်ရာဒဏ်ချက်တွေနဲ့ စုတ်ပြတ်နေတဲ့ စစ်ရှောင်စခန်းလေးဟာ တခဏအတွင်းမှာပဲ တက်ကြွတဲ့ သက်ရှိလှုပ်ရှားမှုတွေနဲ့ အသက်ဝင်လို့လာခဲ့ပြီပေါ့။ ဘဝကို အသစ်ကပြန်စရမဲ့ တဲအိမ်လေးတွေ ခိုင်ခံ့ဖို့အတွက် လူတိုင်းက ကိုယ့်ကဏ္ဍအလိုက် အလုပ်ကိုယ်စီ ရသွားကြပါတယ်။ ဟောင်းနွမ်းဆွေးမြည့်ပြီး ဂျေး(ဂျီး)တက်နေတဲ့ သွပ်ပြားအစုတ်တွေကို အားမာန်အပြည့်နဲ့ သယ်ယူပေးသူကသယ်၊ တစစီ လွင့်ထွက်မသွားအောင် ဝါးထရံတွေကို လက်ချင်းချိတ် ထိန်းမတ်ပေးသူကထိန်းနဲ့ အားလုံးဟာ တက်ညီလက်ညီ ရှိလှပါတယ်။ အနောက်နိုင်ငံကလာတဲ့ ဖြူဖြူဖွေးဖွေး လက်ချောင်းလေးတွေဟာ ရွှံ့နွံတွေ၊ သံချေးတွေ ပေကျံနေတဲ့ သွပ်ပြားတွေကို မရွံမရှာဘဲ စစ်ရှောင်မိသားစုတွေနဲ့အတူ ဖက်လဲတကင်း ဆွဲမပေးနေကြတာ မြင်ရတာ တကယ့်ကို ရင်ထဲမှာ လှိုက်လှိုက် လှဲလှဲ ခံစားရပါတယ်။ ဝါးလုံးချင်းရိုက်ခတ်သံ၊ သံတူထုသံတွေနဲ့အတူ ညံစီနေတဲ့ လုပ်ငန်းခွင်ထဲမှာ ဘာသာစကား မတူတာတွေ၊ လူမျိုးကွဲပြားတာတွေဟာ အဝေးမှာ ကျန်ရစ်ခဲ့ပါပြီ။ ချွေးတလုံးလုံးနဲ့ သွပ်ပြားတွေ၊ ဝါးထရံတွေကို ဝိုင်းဝန်းပြင်ဆင်ပေးနေကြတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုတိုင်းဟာ စစ်မီးလျှံကြောင့် အမိုးအကာမဲ့နေတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေအတွက် နွေးထွေးတဲ့ "အိမ်ဂေဟာ" လေးတခုကို အမြန်ဆုံး ဖန်တီးပေးချင်တဲ့ မေတ္တာစိတ်အပြည့် ရှိနေတာပါ။ အမိုးမိုးဖို့ သွပ်ပြားတချပ် အပေါ်ကို လှမ်းပေးလိုက်တိုင်း၊ လေဒဏ်ခံနိုင်အောင် ဝါးထရံတချပ်ကို ထိန်းပေးလိုက်တိုင်းမှာ စစ်ရှောင်ပြည်သူတွေရဲ့ မျက်ဝန်းထဲမှာ အားကိုးရာမဲ့ အထီးကျန်မှုတွေ တဖြည်းဖြည်း လျော့ပါးလို့သွားခဲ့ပါပြီ။ အဲဒီအလုပ်တွေကြားထဲမှာ အဓိပ္ပာယ်အရှိဆုံး အစီအစဉ်တခုလည်း ပါကောင်းပါနိုင်တာပေါ့။ အဲဒါကတော့ ကလေးငယ်တွေနဲ့အတူ ကစားခုန်စားကြမဲ့ အစီအစဉ်လေးပါပဲ။ စစ်ပွဲရဲ့ အရိပ်မည်းတွေကြောင့် ကစားစရာအရုပ်ဆိုလို့ မရှိရှာကြတဲ့ စစ်ရှောင်ကလေးငယ်တွေဟာ နိုင်ငံခြားသားကြီးတွေကို အစဦးမှာတော့ ကြောက်တောက်တောက်နဲ့ ခိုးကြည့်နေခဲ့ကြသေးတယ်။ ဒါပေမဲ့ သီချင်းသံလေးတွေ၊ လက်ခုပ်သံလေးတွေနဲ့အတူ လိုက်လံစနောက်တဲ့အခါမှာတော့ ကလေးတို့သဘာဝ ရယ်သံလွင်လွင်လေးတွေဟာ ကွင်းပြင်ကြီးထဲ ပဲ့တင်ထပ်သွားပါတော့တယ်။ ဒီလိုကလေးတွေထဲမှာ "လရိပ်စံ" လည်း အပါအဝင်ပေါ့။ လရိပ်စံတို့လို ကလေးတွေဟာ လယ်ကွင်းပြင်တွေ၊ သေနတ်သံတွေကိုပဲ ရင်းနှီးခဲ့ရတဲ့ သူတို့လေးတွေဟာ အခုတော့ ကစားဝိုင်းလေးထဲမှာ ညစ်ပေနေတဲ့ လက်ကလေးတွေကို မြှောက်လို့၊ ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးလို့။ အနောက်နိုင်ငံက အန်တီကြီးတယောက်က လရိပ်စံရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ကလေးရဲ့မျက်ဝန်းထဲက အပြစ်ကင်းစင်မှုတွေကို ငေးကြည့်နေတယ်။ ဘာသာစကားချင်း မတူပေမဲ့ "အရာရာ အဆင်ပြေသွားမှာပါ" ဆိုတဲ့ မိခင်တယောက်ရဲ့ မေတ္တာဓာတ်ကတော့ ကလေးငယ်ရဲ့ ရင်ထဲအထိ စိမ့်ဝင်သွားမှာ သေချာပါတယ်။ နေအိမ်လေးတွေ တလုံးပြီးတလုံး အမိုးအကာတွေ စုံလင်သွားတဲ့အခါ၊ ကလေးတွေရဲ့ လက်ထဲမှာလည်း မုန့်လေးတွေ၊ အရုပ်လေးတွေနဲ့ စိုပြည်သွားတဲ့အခါ မိုးအုပ်နေတဲ့ နယ်စပ် မနက်ခင်းဟာ တဖြည်းဖြည်းနဲ့ နွေးထွေးလို့လာခဲ့ပါပြီ။ ကွင်းပြင်ကြီးထဲက တဲအိမ်လေးတွေဟာ အရင်လို ခြောက်ကပ်မနေတော့ပါဘူး။ အသစ်ဆောက်လိုက်တဲ့ အိမ်ခေါင်မိုးလေးတွေအောက်မှာ မျှော်လင့်ချက်အသစ်တွေ ဝေဆာလို့။ လရိပ်စံတို့လို ကလေးငယ်တွေရဲ့ ရင်ထဲမှာလည်း စာသင်ခန်းလေးတွေဆီ ပြန်သွားချင်တဲ့၊ ကျောင်းပြန်တက်ရတော့မယ်ဆိုတဲ့ အိပ်မက်တွေ တဖျတ်ဖျတ် တောက်ပလို့ နေပါတော့တယ်။ ကူညီရေးလုပ်ငန်းခွင်ဆီကို အသက် ၅၀ ကျော်အရွယ် စစ်ရှောင်အမျိုးသမီးကြီးတဦး တရွေ့ရွေ့ လျှောက်လာပါတယ်။ သူ့မျက်ဝန်းတွေထဲမှာ မပြေပြောက်သေးတဲ့ ထိတ်လန့်ရိပ်တွေနဲ့အတူ ရင်ထဲရှိသမျှကို အခုလိုပဲ ဖွင့်ဟရှာပါတယ်။ "ဆရာရယ်... ဟိုဘက်ကမ်းက လက်နက်ကြီးပစ်သံ၊ သေနတ်ပစ်သံတွေကို ဒီကနေ အတိုင်းသား ကြားနေရတာပေါ့။ ကျမတို့မှာ ကြောက်လိုက်ရတာ။" သူ့ရဲ့ လက်ဖဝါးအစုံကြားမှာတော့ စက္ကူဖြူအပိုင်းအစလေးတွေကို မြတ်မြတ်နိုးနိုး ဆုပ်ကိုင်ထားပါတယ်။ သေသေချာချာ ငေးကြည့်မိတော့မှ အဲဒီစာရွက်အပိုင်းအစလေးတွေဟာ စစ်ရှောင်စခန်းက ကလေးငယ်တွေ ကျောင်းတက်ခွင့်ရဖို့အတွက် နယ်စပ်ကျောင်းက ထုတ်ပေးလိုက်တဲ့ ကျောင်းအပ်လက်ခံစလစ်လေးတွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ "ဒိန်း... ခနဲဆိုရင်လေ၊ ကျမတို့ တဲအိမ်က သွပ်ပြားတွေပါ တုန်တုန်သွားတာ ဆရာရဲ့။ သေနတ်ပစ်သံတွေကလည်း ဖြောက်... ဖြောက်... ဖြောက်နဲ့ အနားတင် ဖြစ်နေသလိုပဲ..." လို့ သူက တုန်ရီတဲ့ အသံနဲ့ ထပ်ပြောပြရှာပါတယ်။ သူတို့ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းလေးက သောင်းရင်းမြစ်နဲ့ သိပ်မဝေးလှဘူး။ မြစ်တဖက်ကမ်းမှာ တိုက်ပွဲတွေဖြစ်တိုင်း၊ စစ်မီးလျှံတွေ တောက်လောင်တိုင်း သေနတ်သံ၊ ဗုံးသံတွေကို သူတို့ခမျာ ထမင်းစားရေသောက်လို ကြားနေကြရတာ။ စစ်ပွဲတွေရဲ့ ရက်စက်တဲ့ စိတ်ဒဏ်ရာကနေ လွတ်မြောက်ချင်လို့ ထွက်ပြေးလာကြသူတွေဟာ အခုတော့လည်း စစ်ပွဲနဲ့ အနီးကပ်ဆုံး နေရာမှာပဲ ပြန်ပြီး ရုန်းကန်နေကြရရှာတယ်။ မြန်မာနိုင်ငံမဟုတ်တဲ့ တခြားတဖက်ကမ်း နိုင်ငံတခုမှာ ရောက်နေလို့ လုံခြုံမှာပါဆိုတဲ့ စိတ်ကလေးနဲ့ ဖြေသိမ့်ထားရပေမဲ့ ဟိုဘက်ကမ်းက ပစ်ခတ်သံတစ်ချက် ကြားလိုက်တိုင်းမှာတော့ ရင်ထဲက မကျက်သေးတဲ့ ဒဏ်ရာဟောင်းကြီးကို လာဆွပေးသလို ဖြစ်နေရတာပေါ့။ အမျိုးသမီးကြီးရင်ဖွင့်ပြောပြနေချိန်မှာ တခြားအမျိုးသမီးတယောက်က အနားကို အပြေးအလွှား ရောက်လာပြီး ကလေးကျောင်းအပ်ထားတဲ့ စက္ကူဖြူအပိုင်းအစလေးတရွက် လာတောင်းပါတယ်။ စာရွက်လေး လက်ထဲရသွားတဲ့ အမျိုးသမီးဟာ မျက်နှာတခုလုံး ဝင်းခနဲဖြစ်သွားပြီး ခြေလှမ်းခပ်သွက်သွက်နဲ့ ပြန်ထွက်သွားတယ်။ သူ့ကလေး ကျောင်းတက်ရတော့မယ်ဆိုတဲ့ အသိက သူ့ဘဝရဲ့ အမှောင်ထုတွေကို ခဏတာ မေ့လျော့သွားစေပုံပါပဲ။ "ကျမ မြေးတွေ ဒီနေ့ ကျောင်းသွားအပ်ကြတာ။ အဲဒါ ဒီစာရွက်လေးတွေ ရလာတာလေ" လို့ အမျိုးသမီးကြီးက ပြောရင်း လက်ကျန် စက္ကူစလေးတွေကို မြတ်မြတ်နိုးနိုး ခေါက်သိမ်းပြီး လုံချည်စပေါ်လိပ်ထည့်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ သူ့မျက်နှာက ပြန်ပြီး ညှိုးငယ်သွားပြန်တယ်။ "ဒါပေမဲ့ ဆရာရယ်... တချို့ကလေးတွေ ကျောင်းမတက်ရလို့ စိတ်မကောင်းဘူး" တဲ့။ စစ်ရှောင်ကလေးတွေ ဘာလို့ ကျောင်းမတက်ရတာလဲ။ သွားတက်ရမဲ့ကျောင်းမှာ လူဦးရေ ပြည့်သွားလို့ ကျောင်းအပ်လက်မခံတာလားလို့ စိတ်ပူတကြီး မေးခွန်းထုတ်မိတော့ အမျိုးသမီးကြီးက သက်ပြင်းတချက်ချပြီး ရှင်းပြပါတယ်။ ကျောင်းကားပေါ်မှာ နေ့စဉ် ကျောင်းသွား၊ ကျောင်းပြန် စီးနင်းလိုက်ပါခွင့်ရမဲ့ လူဦးရေ အရေအတွက်ကို အကန့်အသတ်နဲ့ သတ်မှတ်ထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းမှာ စစ်ရေးစစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းရတဲ့အခါ သတ်မှတ်ထားတဲ့ ဦးရေထက် ကျော်ပြီး တင်လာရင် ဂိတ်က ကားကို လုံးဝဖြတ်သန်းခွင့် မပေးလို့ပါပဲ။ စည်းကမ်းတွေ၊ ကားအဝင်အထွက်တွေ တင်းကျပ်လွန်းတဲ့ နယ်စပ်မြေမှာ ကားတစီးရဲ့ ဆံ့ဝင်တဲ့အရေအတွက်ဟာ ကလေးတွေရဲ့ ပညာရေး အနာဂတ်ကို ဆုံးဖြတ်နေရတဲ့ အခြေအနေပေါ့။ ဒါကြောင့်လည်း ကားပေါ်မဆံ့လို့ ကျောင်းမတက်ရဘဲ ကျန်ရစ်ခဲ့ရတဲ့ ကလေးတွေ ရှိနေတာပါ။ “အခု ထပ်တိုးလာတဲ့ ကလေးတွေက မကြာသေးခင်ကမှ စစ်ဘေးကြားထဲက ပြေးလွှားပြီး အသစ်ရောက်လာကြတဲ့ စစ်ရှောင်ကလေးတွေပေါ့ ဆရာရယ်” လို့ အမျိုးသမီးကြီးက သတင်းစကား ပါးရှာပါတယ်။ "Head, shoulders, knees and toes, knees and toes..." ဆောက်လက်စ၊ ပြင်လက်စ တဲအိမ်လေးရဲ့ ဝါးကြမ်းခင်းပေါ်ကနေ ကလေးငယ်တွေရဲ့ သံပြိုင်ကဗျာရွတ်သံလွင်လွင်လေးတွေဟာ မိုးအုံ့မှိုင်းနေတဲ့ ကွင်းပြင်ကျယ်ကြီးထဲ ပျံ့လွင့်လို့လာပါတယ်။ ကလေးတစုထဲမှာ လူကောင်ကြီးတဲ့သူတယောက်ပါပါတယ်။ တခြားသူမဟုတ်ပါဘူး။ မျက်ဝန်းတောက်တောက်လေးတွေနဲ့ "လရိပ်စံ" ပါပဲ။ တဲအိမ်အောက်မှာတော့ စစ်ရှောင်ကူညီဖို့ ကမ္ဘာတဖက်ခြမ်းက ရောက်လာကြတဲ့ အနောက်နိုင်ငံသူ လူငယ်အမျိုးသမီး ၂ ယောက်က ကလေးတွေရဲ့ သီချင်းသံအလိုက် ဦးခေါင်း၊ ပုခုံး၊ ဒူးနဲ့ ခြေဖျားလေးတွေကို လက်ညှိုးလေးတွေထိုးပြီး လိုက်လံကပြနေကြပါတယ်။ ကလေးတွေက တဲပေါ်ကနေ ငုံ့ကြည့်ပြီး ရယ်မောကြ၊ နိုင်ငံခြားသူမလေးတွေကလည်း တဲအောက်ကနေ မော့ကြည့်ပြီး ရယ်ကြနဲ့ သောင်းရင်းမြစ်တဖက်ကမ်းက လက်နက်ကြီးသံတွေကြောင့် ကြောက်ရွံ့နေခဲ့တဲ့ ကလေးတွေရဲ့ ရင်ခုန်သံဟာ အခုတော့ သီချင်းသံစဉ်အောက်မှာ စည်းချက်ညီညီ နွေးထွေးလို့နေပါပြီ။ သီချင်းဆို၊ ကလို့အပြီးမှာတော့ နေအိမ်အသစ်ရဲ့ ဝါးကပ်အခင်းပေါ်မှာ ရောင်စုံခဲတံလေးတွေ၊ စက္ကူဖြူလေးတွေ နေရာယူလာပါတယ်။ ကလေးငယ်တွေဟာ ကိုယ်စီရလာတဲ့ စက္ကူပေါ်မှာ ရောင်စုံရုပ်ပုံလေးတွေကို အရောင်ခြယ်နေကြပါတယ်။ ဒီအတောအတွင်းမှာပဲ အနောက်နိုင်ငံသူမလေးက လရိပ်စံရဲ့ နာမည်ကို ဘယ်လိုစာလုံးပေါင်းလဲဆိုတာ စကားပြန်ကတဆင့် လှမ်းမေးပါတယ်။ ပြီးတော့ ကလေးမလေး အရောင်ခြယ်ထားတဲ့ ရုပ်ပုံလွှာလေးရဲ့ ဘေးနားမှာ "La Yeik San" ဆိုပြီး အင်္ဂလိပ်အက္ခရာလေးတွေနဲ့ လှပသပ်ရပ်စွာ ချရေးပေးလိုက်ပါတယ်။ လရိပ်စံတယောက် သူ့နာမည် အင်္ဂလိပ်စာလုံးလေးကို သဘောကျမဆုံး ငေးကြည့်နေပါ‌တော့တယ်။ မကြာခင်မှာပဲ စစ်ရှောင်စခန်းရဲ့ မြေကွက်လပ်ထဲမှာ နောက်ထပ် ကစားနည်းတခုနဲ့ ဝိုင်းဖွဲ့ပြန်ပါတယ်။ ကလေးတွေရော၊ လူကြီးတွေပါ စက်ဝိုင်းပုံသဏ္ဍာန် ထိုင်နေကြပြီး တဦးက စက်ဝိုင်းပတ်လည်ကို ပတ်ပြေးရင်း မိမိကြိုက်တဲ့သူရဲ့ ခေါင်းကို ခပ်ဖွဖွလေး ပုတ်လိုက်ရပါတယ်။ ခေါင်းပုတ်ခံရတဲ့သူက ချက်ချင်းထပြေးပြီး ခေါင်းပုတ်တဲ့သူကို မိအောင်လိုက်ဖမ်းရတာပေါ့။ ဖမ်းတဲ့သူက မမိဘဲ စက်ဝိုင်းထဲက လွတ်သွားတဲ့နေရာကို ဦးအောင် ဝင်ထိုင်နိုင်ရင် နိုင်ပြီလေ။ ကစားပွဲက ခပ်သွက်သွက်နဲ့ အရှိန်ရလာတော့ အတိုက်အခိုက်၊ အလဲလဲအကွဲကွဲကြားထဲ စစ်ရှောင်စခန်းတခုလုံး ကလေးတွေရဲ့ ရယ်သံ၊ အော်ဟစ်အားပေးသံတွေနဲ့ ဆူညံလို့သွားပါတယ်။ ကလေးတို့ရဲ့ မျက်နှာပေါ်က အပြုံးတွေဟာ စစ်ပွဲရဲ့ အရိပ်မည်းတွေကို ခဏတာ မောင်းထုတ်ပစ်လိုက်သလိုပါပဲ။ ဒီကလေးတွေ မကြာခင်မှာ ကျောင်းတက်ရတော့မှာပါ။ အခုဆိုရင် အင်္ဂလိပ်လို ကလေးသီချင်းတွေကိုလည်း ကောင်းကောင်းကြီး သီဆိုတတ်နေပြီဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း အင်္ဂလိပ်လို ရဲရဲဝံ့ဝံ့ မိတ်ဆက်တတ်နေပါပြီ။ သူတို့ ကျောင်းသွားမယ့်ရက်ကျရင် ကြိုပို့လုပ်ပေးမဲ့ ကျောင်းကားကြီးကတော့ စစ်ရှောင်စခန်းရဲ့ ထောင့်တနေရာမှာ တိတ်ဆိတ်စွာနဲ့ပဲ ရပ်စောင့်လို့နေပါတယ်။ ခရီးသည်လေးတွေကို စောင့်မျှော်နေတဲ့ အဲဒီကျောင်းကားကြီးဟာ အနာဂတ်ဆီကို မောင်းနှင်ပေးမဲ့ မျှော်လင့်ချက်ရထားကြီးတခုလိုပါပဲ။ ကျောင်းကားပေါ်မှာ နေရာမဆံ့လို့၊ ဂိတ်တွေရဲ့ ကန့်သတ်ချက်တွေကြောင့် ကျောင်းတက်ခွင့်မရသေးတဲ့ ကလေးအချို့ကတော့ ကျောင်းဖွင့်ရာသီ ရောက်လာတဲ့အခါမှာ သူငယ်ချင်းတွေ မရှိတော့တဲ့၊ ကစားဖော်တွေ မရှိတော့တဲ့ စစ်ရှောင်စခန်းရဲ့ ခြောက်ကပ်ကပ် နေ့လယ်ခင်းတွေကို အထီးကျန်စွာနဲ့ပဲ ဖြတ်သန်းကြရတော့မှာ ဖြစ်ပါတယ်။ ကျောင်းဖွင့်ရက်ရောက်လို့ လရိပ်စံတို့ကတော့ ကျောင်းကားကြီးစီးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းသွားကြတော့မှာပါ။ စစ်ရှောင်စခန်းက ကလေးအားလုံး အတူတူ ကျောင်းတက်ခွင့်ရမယ့်ရက်ကိုပဲ မျှော်လင့်မိပါတော့တယ်။       ။ တာပလု
ဝေမျှရန်:
လရိပ်စံတို့ ကျောင်းတက်ရတော့မယ် - YGN Daily | YGN Daily